Friday, 12 October 2012

တိမ်ကွဲနေ့

လရောင်ကို ပွေ့ဖက်ရင်းနဲ့
ကြိုးပြတ်သွားတယ် စံပယ်ရွက်က
သင်းကွဲငှက်တစ်ကောင်ရဲ့ အိပ်မက်နဲ့
အတောင်ပံတွေကို ခြိမ့်ခြိမ့်သဲသဲခတ်ခဲ့တယ် ...

နှင်းစက်တွေ အိပ်တန်းတက်တဲ့အရပ်မှာ
ကောင်းကင် အငွေ့အသက်တွေနဲ့မူးလဲ
တိမ်ကွဲလေပြေ
ဆန္ဒတို့ရဲ့ မိုးရေစက်
ဖိနပ်အပြတ်ဆိုတာ
တစ်ချိန်က ... သုံးရာသီရဲ့
ဗီးနပ်စ် ဖြစ်ခဲ့တယ် ...

တကယ်တော့ ...
ဧဒင်ရဲ့ သစ်သီးတစ်လုံးဟာလည်း
ကမ္ဘာဦးရဲ့ နျူကလီးယား ဗုံးပါပဲကွယ် ...

ပြဒါးတစ်လမ်း၊ သံတစ်လမ်းတဲ့
အဲ့ဒါကြောင့်ပဲ ထင်ရဲ့
စံပယ်ကြမ်းတွေ ဖားလျားကျတဲ့မနက်က
တိမ်ကွဲတွေနဲ့ ညွှတ်အိတွဲခဲ့တယ် ..... ။         ။

နေရိုင်း

ဤသို့မည်သော ...


ရနံ့တွေ တသုန်သုန်ပွင့်ခဲ့တဲ့လမ်းကလေးပေါ့
စံပယ်တစ်ပွင့်စာကလေးလင်း
စောင်းကြိုးတွေလည်း တင်းခဲ့တယ် ...

နတ်ဆိုးတွေရဲ့ အာသံကို
ကန္တာရလက်ဖဝါးနဲ့ပန်ရင်း
သင်းကွဲအိပ်မက်ထဲ
ရိုက်ခွဲကြိတ်ထည့်
အလွမ်းတွေလည်း
မှုန်နေအောင် လဲ့ခဲ့ပြီ ...

နေရိပ်၊ လရိပ်အလွန်မှာ
ရာသီအိုတွေ
တလွင်လွင်လိမ့်ဆင်း
ကောင်းကင်စကားတစ်ခွန်းက
ကြယ်စင်တွေကို နစ်မွန်းစေခဲ့ ...

ဒီလိုနဲ့ ...
စကြဝဠာအခန်းခန်းမှာ
ပြက္ခဒိန်တွေ သမ်းဝေငိုက်မြည်းရင်း
အနန္တအရောင်မှာ
သက်ပြင်းတွေဟာ မှောင်လွန်းခဲ့တယ် ..... ။          ။

နေရိုင်း

Sunday, 12 August 2012

တစ်ဝက်တစ်ပျက် အိပ်မက်

ကြယ်တွေ အုပ်အုပ်သည်းသည်းကြွေတဲ့ညကပေါ့
တိုးညှင်းလွန်းတဲ့ လမ်းကလေးမှာ
ငါ .. တစ်ကိုယ်တည်းစီးဆင်းခဲ့တယ် ...

ညဥ့်ငှက်တို့ရဲ့ အတောင်ပံမှာ
ကြယ်ကြွေသံတွေ ရစ်ပတ်ထစ်ချုန်း
( ကောင်မလေးရယ် )
မိုးအဆုံး၊ မြေအဆုံးဝေးလိုက်ကြစို့ကွယ် ...

ကန္တာရရဲ့ အိပ်မက်က
မိုးရေစက်ကို တပ်မက်သလို
မဟူရာညရဲ့ နှုတ်ခမ်းကလည်း
လရောင်ကို နမ်းချင်မိလိမ့်မယ် ...

တကယ်တော့
ကံကြမ္မာဆိုတာ
ပန်းပန်ထားတဲ့ မြားဒဏ်ရာနဲ့ကောင်ပါပဲ ...

ဒီလိုနဲ့ ဝေးလွင့်
ညဟာ ပိုရင့်ခဲ့ပြီ ...

မြတ်နိုးမှုနဲ့ အုပ်မိုး
ကံနတ်ဘုရားကို စီးချင်းထိုးခဲ့ပေမယ့်
( ကောင်မလေးရေ )
ညနက်နက်ရဲ့ အိပ်မက်ဆိုတာ
တစ်ဝက်တစ်ပျက်မှတ်တမ်းပါပဲကွယ် ..... ။

နေရိုင်း

Saturday, 11 August 2012

လူ

လူဆိုတာ ...
နေဝင်နေထွက်မှာ
အသက်တစ်ရက်ကြီးသွားတာထက်
ဝမ်းစာရှာဖို့အတွက်ကို
ပိုသတိရတတ်သလို

ခိုကိုးချင်လျှင်လည်း
မြေပြင်ကိုတောင်
ရှိခိုးတတ်တဲ့ အမျိုး ..... ။

နေရိုင်း

ခေါင်းစဉ်တပ်မထားတဲ့လူ


ငါဆိုတာ ...
နိမ့်ပါးပါးမြေပြင်ပေါ်မှာ
အတုန်းအရုန်း
လဲကျကြွေလွင့်နေခဲ့တဲ့
သာမည ခရေပွင့်လေးပါပဲ
အလွမ်းဆိုတဲ့ ခြေဖမိုးကိုမှ
တရှိုက်နစ်နစ်ရိုကျိုးနေမိတဲ့ကောင်
ဘဝက နည်းနည်းတော့မှောင်ရဲ့ ...


အသူရာတွေ နိမိတ်ဖတ်ခဲ့တဲ့
တေလေရဲ့အိပ်မက်ဆိုတာ
မီးနက္ခတ်တွေလွှမ်းတဲ့
မရဏကျမ်းတစ်စောင်လိုပဲ
ပူပြင်းတောက်လောင်လွန်းပါတယ် ...


ငါ့ရဲ့ အထုပ္ပတ္တိတစ်စကို
ဆွဲလှန်ချကြည့်
ကြယ်ပွင့်တွေမဖြာ
ရက်ရာဇာမရှိခဲ့တဲ့
ဗလာနယ် ခပ်ပြပြလေးသာရှိလိမ့်မယ် ...


သံခြေကျင်းတွေနဲ့ခတ်ချုပ်
ဆန္ဒတွေကို ငြိမ်းမှုတ်လိုက်ပါ့မယ်
ချစ်သော ထိပ်ထားရယ် ...


ချစ်သူကို မြတ်နိုးခြင်းဟာ
အဆိပ်လူးမြားအစင်းစင်းရဲ့
အုပ်မိုးခြင်းကိုခံထားရတဲ့
သားကောင်ပါပဲကွယ် ...


ကမ္ဘာက နေကိုကွေ့ရှောင်သလိုမျိုး
ငါကပဲ ပူလောင်လွန်းခဲ့သလား
ဝိုးဝါးမှောင်ရီ
ချစ်သူအတွက်သီသော ကဗျာတစ်ပုဒ်က
ဘီလူးတစ်ကောင်ရဲ့ အစွယ်ကြမ်းလို
ထိုးလှန်ဖောက်ခွဲ
( ငါ့အိပ်မက်တို့ )
လွင့်ပါးပြိုကွဲခဲ့ပြီကွယ် ...


မုဆိုးရှေ့မှာ ဒူးထောက်ကျတိုင်း
အရာရာကိုခြုံအုပ်
သားကောင်တိုင်းဟာ
ညံ့လို့တော့မဟုတ်ပါဘူး
လောကဓံနက်ရှိုင်းရှိုင်းမှာ
မာယာအစွယ်ရိုင်းတွေအကြောင်း
တစ်စွန်းတစ်စတော့
သင် စာလုံးပေါင်းမိမှာပါ ...


အို .. အလင်းတို့ရယ်
ကြွေအံ့မူးမူးဆည်းဆာကို
ဥပေက္ခာမပြုလိုက်ကြပါနဲ့ဦး ...
ဟောဟိုမှာ
အတောင်ပံတွေနဲ့ ကြိုးစားကူးခတ်
ရင်ခွင်ဟောက်ပက်နဲ့
အိပ်တန်းပြန်နောက်ကျတတ်တဲ့
သင်းကွဲငှက်ကလေးရှိသေးတယ် ...


သဲမှုန်ကန္တာရမှာ
ရနံ့ကုန်သွားတဲ့ဆောင်းက
ကုလားအုတ်တစ်ကောင်ရဲ့ အသံကို
မြောက်ပြန်လေလို ပန်တတ်ခဲ့ပြီတဲ့ ...


ကြောက်လန့်စွဲမက်ဖွယ်ရာအိပ်မက်တို့နဲ့
ရက်ရှည်ခရီးထွက်ခဲ့တဲ့ငါ
ဖြစ်နိုင်မယ်ဆိုရင် ...
ဖီးနစ်ငှက်လို လောင်တောက်
ငါ့ဝိညာဉ် ငါကောက်ပြီး
ဖွဖွညှင်းညှင်း
ဘဝတစ်ခု အသက်ပြန်သွင်းချင်တယ် ..... ။

နေရိုင်း

အလွမ်း

လေးတစ်ညှို့စာကလေး
လန်းခဲ့တဲ့ ပန်းကို
ရင်ဘတ်တစ်ခြမ်းနဲ့
လွမ်းတယ် ..... ။

နေရိုင်း

အလွမ်းမှတ်တိုင်


ကြယ်ရောင်တိတ်တဆိတ်မှာ
ဆောင်းရိပ်ကိုခိုစီး
လမင်းနဲ့ နီးချင်ခဲ့သူ
အေးစက်ပြာညို
(တစ်ကိုယ်လုံး)
နှင်းစက်ကလေးတွေ စိုလို့ပေါ့ ...

စဉ်းလဲမှုနည်းတဲ့ဆောင်းဆိုတာ
ငါ့အတွက်တော့
အိပ်ယာဝင် ပုံပြင်တစ်ကြောင်းမျှသာဖြစ်ရဲ့ ...

ချစ်သူကိုနမ်းခွင့်မပါတဲ့
ဘီလူးကြမ်းတစ်ကောင်ရဲ့ အခန်းမှာ
သွေ့သွေ့ကလေးကျွမ်းပျက်
တိတ်တခိုးဆိုတဲ့ ပညတ်ချက်ကိုပဲ
ငါ .. မြတ်နိုးမိပါရဲ့ကောင်မလေးရယ် ...

လှိုင်းထန်ဝေဝါး
နက္ခတ်အသေတွေကြားမှာမှ
သတ္တမမြောက်မွေးဖွားခဲ့တဲ့တေလေ
ကောင်မလေးရေ ..
ရက်ရှည်အလွမ်းဆိုတာ
တစ်ခန်းရပ်တတ်ပါသလားကွယ် ..... ။          ။

နေရိုင်း

တိမ်ကွဲနေ့


လရောင်ကိုပွေ့ဖက်ရင်းနဲ့
ကြိုးပြတ်သွားတဲ့ စံပယ်ရွက်က
သင်းကွဲငှက်တစ်ကောင်ရဲ့အိပ်မက်နဲ့
အတောင်ပံတွေကို ခြိမ့်ခြိမ့်သဲသဲ ခတ်ခဲ့တယ် ...

နှင်းစက်တွေ အိပ်တန်းတက်တဲ့အရပ်မှာ
ကောင်းကင်အငွေ့အသက်တွေနဲ့မူးလဲ
တိမ်ကွဲလေပြေ
ဆန္ဒတို့ရဲ့ မိုးရေစက်
ဖိနပ်အပြတ်ဆိုတာ
တစ်ချိန်က သုံးရာသီရဲ့ ဗီးနပ်စ်ဖြစ်ခဲ့တယ် ...

တကယ်တော့ ...
ဧဒင်ရဲ့ သစ်သီးတစ်လုံးဟာလည်း
ကမ္ဘာဦးရဲ့ နျူကလီးယားဗုံးပါပဲကွယ် ...

ပြဒါးတစ်လမ်း၊ သံတစ်လမ်းတဲ့
အဲ့ဒါကြောင့်ပဲထင်ရဲ့
စံပယ်ကြမ်းတွေ ဖားလျားကျတဲ့မနက်က
တိမ်ကွဲတွေနဲ့ ညွှတ်အိတွဲခဲ့တယ် ..... ။          ။

နေရိုင်း

ဖြစ်စဉ်


ကွဲအက်အက်လေပွေရူးတို့
ကူးလူးခတ်နေတဲ့ နွေတစ်ည
ဥသြပျိုတို့ ရင်ကွဲမတတ်အော်ဆိုကြတယ် ...

မ,မက်ချင်ဆုံးသော အိပ်မက်
ကွေ့ကောက်သွေ့ခြောက်နေတဲ့
အကိုင်းတွေထက်မှာ
မီးပွင့်တွေရာဖြာဝင့်တောက်
အိပ်မက်တွေနဲ့ ခွေခေါက်ခဲ့တဲ့
လူငယ်တစ်ယောက်ရဲ့ ကွယ်ဝှက်သက်ပြင်း
အရာရာဟာ ချင်းချင်းနီဆွေးလို့ပေါ့ ...

တိမ်ညိုတို့ရဲ့နိမိတ်ဟာ
မတီးခတ်ဖြစ်ခဲ့တဲ့
ဂစ်တာတစ်လက်ရဲ့ ကြိုးပုံရိပ်တွေလို
လျော့လျော့တိုးတိုးကလေးစဲ
မိုးရာသီနဲ့ လွဲခဲ့တယ် ...

လွန်ပါစေတော့ ...
မီးစလျှံလို လွင့်ဝဲသွဲ့ပြောင်း
အလွမ်းဆက်ကြောင်းပေါ်က
အုံ့ဝေမှုန်ဝါးနေတဲ့
ကြယ်ကြွေညရဲ့ ဆုတောင်းစကား
ဘုရားသခင် ကြားသိပါစ ...

ရေခိုးငွေ့တွေကို ဖမ်းယူထုဆစ်
မုတ်သုန်တစ်ခုသာ ဖြစ်ခွင့်ရှိရင်
စိတ်အစဉ်ကို ညွှတ်ကိုင်း
မိုးရေစက်ရိုင်းတွေကြားမှာလည်း
ထီးကိုင်းလွှတ်ချရဲပါတယ် ...

သုံးရာသီမှတ်တမ်းထဲက
ဝဿန်ရဲ့ဆေးချက်တို့က
မှုန်ဝေပျယ်လွင့်
တခမ်းတနားရော်ရင့်ခဲ့တဲ့
မှော်ဆရာရဲ့ ပန်းချီကားတစ်ချပ်ပါပဲကွယ် ...

မင့်ကူမျှင်တွေလိုရှုပ်ထွေးနေတဲ့
ဂယက်ဆန်တဲ့ အိပ်မက်
ဝဲဖက်က မြတ်နိုးခြင်း
ယာလက်မှာ သစ္စာတရားလိုလင်းတယ် ...

ဆောင်းရာသီကို
တံဆိပ်လိုရိုက်နှိပ်
ကျွန်တော့်ကောင်းကင်မှာ
ခဏလောက်ချိတ်ပေးပါ ...
အေးစက်နေမယ့် ဆောင်းရိပ်
မျက်ရည်ဖြူတွေကို ချွေးသိပ်ပေးမယ်ထင်ရဲ့ ...

ပုံပြင်တစ်ပုဒ်ဆုံးတာတောင်
မျက်လုံးမ,မှိတ်သေးတဲ့ကောင်
ညတာတွေအိုမင်း
နံနက်ခင်းဟာ ဝေးသေးတယ်ကွယ် ...

ဘယ်မှတ်တမ်းမှာမှ မပါခဲ့တဲ့
မထည်ဝါလှတဲ့ အလွမ်း
ကဗျာကိုင်းလေးကိုတွယ်ဖက်
အအေးမြဆုံး လတ်ဆတ်ဖူးပွင့်ချင်ရဲ့ ..... ။          ။

နေရိုင်း

Saturday, 7 July 2012

အပြန်

မြေပြင်ကိုကန်ထားတဲ့ကောင်းကင်က
ကျွန်တော့်အပေါ်
ကျည်ဆန်တွေချည်းအန်ချတယ် မေမေ ...

သိုသိပ်ငြိမ်သက်
ကျွန်တော့်ရဲ့ တိတ်တခိုးအိပ်မက်မှာ
အလျား၊ အနံတွေမတပ်တဲ့
စံပယ်ပွင့် ကြက်ခြေခတ်လေးတွေ အကြောင်း
ကြယ်စင်တွေနဲ့ ခုတ်မောင်းရင်း
ရင်ဘတ်ဟောင်းလောင်းပွင့်နေတဲ့ ကောင်းကင်ကို
ဗြောင်းခနဲ ပစ်ပေါက်ပြချင်တယ် ...

ကျီးတစ်ကောင်ရဲ့ အာ သံကိုလည်း
ဆိုရိုးဆန်ဆန် ဖွင့်ဖတ်မနေပါတော့နဲ့ မေမေရယ် ...

မုန်တိုင်းပြင်းထန်တဲ့
တေလေရဲ့အပြန်ရက်ကို သတ်မှတ်ပေးမယ့်
ကံကြမ္မာရဲ့ အရေးအကြောင်းတွေကို
ဘုရားသခင်ဆီက မှန်တစ်ချပ်တောင်းပြီး ကြည့်ချင်တယ် ...


ခြေပစ်လက်ပစ်
ကျွန်တော်နှစ်သက်စွာအောင်းတဲ့
အမေ့ရဲ့ အိမ်ဟောင်းလေးကိုလေ
မြေပြင်နဲ့ခြေဖဝါး တစ်သားတည်းကျတဲ့နေ့
အမေ့ရင်ငွေ့လှုံဖို့
စံပယ်တစ်ရုံနဲ့အတူပြန်ခဲ့မယ် ..... ။          ။

နေရိုင်း

Wednesday, 20 June 2012

ပုံပြင်

အလင်းတွေကို
တိုးတိုးကလေးလက်
အမှောင်တွေကို
ကြက်ခြေခတ်တဲ့ည
သံချေးနံ့တဝင်းဝင်းနဲ့
(ဓားအိမ်ထဲက)
ဓားကြိုးတစ်စင်းရဲ့အသွားမှာ
နတ်သမီးအိပ်မက်တို့ ညွှတ်တွားခဲ့ကြတယ် ..... ။


နေရိုင်း

Monday, 18 June 2012

ငါ ( သို့မဟုတ် ) နှင်းကြွေတစ်စက်


( ၁ )
 နက္ခတ်တွေကြွေပျက်
မဟူရာရောင်တွေစိုလက်နေတဲ့
ညနက်တစ်ခုမှာပဲ
လူငယ်တစ်ယောက်ရဲ့အိပ်မက်ဟာ
မျဉ်းကွေးတွေလိုကွေ့ဝိုက်ယိမ်းထိုး
ဝင်္ကဘာရဲ့ကျောရိုးတို့ဖြင့်
ထုံးဆက်ရှည်လျားခဲ့တယ် ...

ကမ္ဘာဦးလူသားတို့ရဲ့
မှုန်ဝါးဝေပြ
နှလုံးသားဆိုတဲ့အက္ခရာမှာလည်း
ဖျက်ရာတွေပွရောင်း
သူတို့ ... စာလုံးမပေါင်းတတ်ခဲ့ကြဘူး ...

အညတြကချေသည်တစ်ယောက်ရဲ့
သာမညခြေထိုးအကတစ်ကွက်က
ဗီးနပ်စ်ရဲ့ အရုဏ်ဦးလို
သွဲ့ညှင်းညွှတ်ပြောင်း
ကြည့်လို့မှမကောင်းခဲ့ပဲ
တိတ်ဆိတ်စွာညည်းတွား
ဝိညာဉ်တစ်ကောင်လို
( ငါ ... )ဖျားနာတတ်ခဲ့ပြီ ..... ။

( ၂ )
လောကဓံအိုကြီးရဲ့
ငါ့အဖို့လက်ဆောင်သစ်သီးမှာ
အဆင်း၊ အနံ့တို့မလို
အက္ခရာတို့ဆွတ်စိုနေရုံနဲ့
(သူမအတွက်)
အလင်္ကာတွေကိုဖွင့်ဆို
ငါ .. ချိုနေမိလိမ့်မယ် ...

ဆန္ဒတွေကို အသက်ရှူထုတ်လွှင့်
အလင်္ကာတွေလိုပွင့်ချင်တဲ့ကောင်
နှစ်ဆယ့်တစ်ရာစုလွန်ချောင်ထဲက
အက္ခရာပုံတွေရဲ့ဘေးမှာ
တိုးတိတ်ဆွံ့အ
ကိုယ့်ရင်ဘတ်ကိုယ် အန်ချနေခဲ့ရတယ် ...

ဒီလိုနဲ့
ဘဝက ရာဇဝင်တစ်ခုမဟုတ်ခဲ့တော့
ဘုရင့်သမီးတော်ဟာ
သူမ မဟုတ်သလို
စောင်းအိုလုလင်ဟာလည်း
ငါ ... မဖြစ်ခဲ့ဘူး ..... ။

ရိုးသားစွာဝေးကွာတတ်ဖို့
ခြေရာ အရွယ်စုံ
ခွါသံတွေကိုခြုံတဲ့လမ်းလို
ကြမ်းတစ်ခါ
ယဉ်တစ်လှည့်နဲ့
ဘဝမှာ ခရီးဆက်ရဦးမယ် ..... ။

( ၃ )
တစ်ကယ်တော့
အုံ့ဝေတိတ်ဆိတ်ခဲ့တဲ့
ဆောင်းအိပ်မက်တစ်ခုပါပဲ ...
နှင်းကြွေတစ်စက်
ပွင့်ဖတ်ပေါ်လဲကျခဲ့တဲ့အကြောင်း
ဘယ်ဆောင်းရဲ့ ဆုတောင်းစကားကိုမှ
ဘုရားသခင်ထံအကြောင်းမကြားကြပါနဲ့တော့ ...

အခိုးအငွေ့တွေလိုအိုရီ
နတ်ဆိုးတို့သီတဲ့ဂီတ
တစ္ဆေတစ်ကောင်ရဲ့အကနဲ့
မရဏပိတ်ကားဝမှာ
ခေါင်းတလားသဏ္ဍာန်ဆာင်းညချမ်းက
ပဉ္စလက်ဆန်စွာတော့လှခဲ့ဖူးရဲ့ ...
ဣတ္ထိယတွေအသုံးများတဲ့
ဒဏ္ဍာရီထဲက အပြုံးဓားကိုမှ
မာယာအထပ်ထပ်နဲ့ခြယ်သ
နှင်းတစ်စက်ကို
ရက်စက်စွာကွပ်မျက်ပြခဲ့တဲ့ဆောင်းရေ
မြောက်ပြန်လေတွေသင်းရင်
ဆောင်းမှာနှင်းစက်ကလေးတွေလင်းမယ့်ရက်
ကမ္ဘာသုံးပြက္ခဒိန်ထက်မှာ
ဂရီဂိုးရီးယန်းဆိုတဲ့လူကြီးက
သတ်မှတ်ခဲ့ပြီးသားပါကွယ် ..... ။

( ၄ )
ယုံပါ ...
ကျိန်စာအသွယ်သွယ်ကိုမှ
ကတ္တီပါစလိုခြုံလွယ်ခဲ့ရတဲ့
လူငယ်တစ်ယောက်ရဲ့ ဝဲရင်အုံမှာ
သိပ္ပံပညာရှင်တွေမမြင်တဲ့
နီးစွေးသွယ်လျှမ်း
အလင်းမျှင်တန်းလေးတွေရှိခဲ့တယ် ...

အဲ့ဒီအလင်းမျှင်လေးတွေကိုချည်ထုံး
သူမအတွက်သီကုံးပေးခဲ့ချင်တာက
လတ်ဆတ်သွယ်လျတဲ့
အလင်္ကာတစ်ပိုင်းတစ်စရယ်ပါ ...

ဆာဟာရကို စောင့်ရှောက်ဖို့
မုတ်သုန်တွေကို ပစ်ပေါက်စိုက်ပျိုး
လွင့်တောက်ချင်တဲ့ လူငယ်တစ်ယောက်အတွက်တော့
အလင်္ကာတွေနဲ့စပ်တဲ့
ဟော့ဒီက ဝဲရင်ဘတ်ကို
သူမရဲ့အပြုံးတစ်ချို့တစ်ဝက်နဲ့
ရေးရေးလေး ကြက်ခြေခတ်ခွင့်ပေးခဲ့ပါ  ဘုရားသခင် ..... ။

( ၅ )
မျှော်လင့်ခြင်းဆိုတာ
တုန်ဖျော့အိုမင်း
မြေမှာ ညွှတ်သက်ဆင်းတဲ့
နွယ်တစ်ခင်းပါပဲ ...

မြေပြင်ကို တွယ်နင်း
ကောင်းကင်ပေါ် ဦးမော့ရင်းနဲ့
လောကဓံရိုင်းမှာ
ထင်တိုင်းမဖြစ်တာမျိုးလေ ...

နှင်းမှုန်တွေနဲ့ဝေဝါး
လမ်းချိုးက အုတ်ခုံပြာကလေးအနားမှာ
ပင်လယ်လိုအော်ဟစ်ပြီးမှ
အိုင်ငယ်ထဲနစ်ကျသွားခဲ့ရတဲ့ အတွေးစ
မှိုင်းညို့စွာနဲ့လက်ပြရင်း
သစ္စာတွေကိုခိုင်မတ်
နှလုံးသွေးစက်လက်နဲ့ပဲ
ငါ ... နှုတ်ဆက်ခဲ့ပါတယ်
ချစ်သော  “.....” ရယ် ..... ။

( ၆ )
နှင်းစက်ကလေးတွေတွဲခိုတတ်ခဲ့တဲ့
ဆောင်းရဲ့ တံစက်မြိက်ကိုမှ
ငါ ... အလွမ်းဆိပ်သင့်ခဲ့မိပြီ ...

ရှိပါစေတော့ ...
ဂန္ဘီရဆန်တဲ့ တမ်းချင်းဆိုတာကို
အမြတ်တနိုးနဲ့ပဲ
ငါ ... ခင်းကျင်းခဲ့ပါမယ် ...

လူမိုက်တွေရဲ့ဓားကို
ကျောမှာလွယ်ထားတဲ့
ကျွန်တော်ချစ်သော ဆောင်းရေ
ငါ ( သို့မဟုတ် ) နှင်းကြွေတစ်စက်ရဲ့နာရေးသတင်းကို
ရှင်းရှင်းလင်းလင်း
အက္ခရာတွေနဲ့ပဲ ထွင်းပေးခဲ့ပါ
ငါ ... မာယာအိုတွေကင်းတဲ့အရပ်မှာ
မီးလျှံတစ်စလို လင်းတောက်
ကဗျာတွေနဲ့ပဲ မိုးသောက်ပါရစေကွယ် ..... ။          ။

နေရိုင်း

Friday, 11 May 2012

ညဥ့်လေမှာ
ကံ့ကော်ရနံ့တွေ
အထိတ်တလန့်နဲ့
ဆွတ်ပျံ့ဝေညှင်း
သင်းထုံလင်းတဲ့ည
ကျွန်တော့်လွယ်အိတ်အိုကလေးအပေါ်
အလွမ်းရိုင်းတွေပြိုကျလာတယ် ...


အပိုင်းပိုင်းပြတ်နေတဲ့
လရောင်တစ်ချို့တစ်ဝက်က
ညနက်နက်ကို
ကံ့ကော်ရနံ့တွေနဲ့လှမ်းပက်တဲ့အခါ
လောကကြီးတစ်ခုလုံး
ရနံ့တွေ အိုရီမှုန်သင်း
အမှတ်တရအချို့ချို့က
လွယ်အိတ်အိုကလေးမှာ
လဲ့ဖြာလွန်းထိုး
ဘဝဟာ ခေါက်ရိုးအထပ်ထပ်ကျိုးပြီးသွားပါကွယ် ...


အရွယ်လွန်အတိတ်အိုမှာလည်း
အချိုဖူးတဲ့အိပ်မက်တွေနဲ့
ဝေ့ဝဲအက်ကွဲ
သက်ပြင်းတွေကို ရပ်စဲထားခဲ့တယ် ...


နားလည်ပါရဲ့ လောကကြီးရယ်
သာမညတစ်ယောက်ရဲ့ ဝှက်ဖဲက
ဘယ်လောက်ထိမှ
မကြီးကျယ်၊ မခမ်းနားမှန်းလည်းသိပါတယ် .....


ကိုယ့်လွတ်လပ်ခွင့်
ကိုယ်မပိုင်တဲ့ဘဝမှာ
ရဲရဲရင့်ရင့်
ဘယ်အရာကိုမှ လက်မလှမ်းဝံ့ခဲ့သူ
လောကအရေထူထူတွေကို
ကိုယ်နဲ့မတော်ပဲ ဝတ်ဆင်ခဲ့ရ ...


အို ... မိုးနတ်မင်းရေ
ကောင်းကင်ကြီးရေမချိုးတဲ့
အုပ်ဝေမှိုင်းညို့
ကန္တာရပျိုမှာမှ
မုတ်သုန်ပွင့်ကိုရှာချင်ခဲ့သူလေ .....


ယဉ်ကျေးခမ်းနားတဲ့
လောကဓံတရားမှာ
တဖြည်းဖြည်းနဲ့
တိမ်းညွှတ်ယဉ်ပါး
ကျွန်တော်နဲ့ လွယ်အိတ်အိုကလေးလည်း
အလွမ်းတွေကို
ဝှက်ကွယ်ထားတတ်ပြီ ...


လင်းလင်းပပ
ဖြစ်ပြီးတဲ့အရာမှန်သမျှ
ပျက်စီးခြင်းကို မလွန်ဆန်နိုင်ကြပါဘူးလေ ...


ဗလာအသုံးအနှုန်းတွေနဲ့
ကျွန်တော့်ရင်ဘတ်ထဲက
သုညလေးတစ်လုံးအတွက်
မှော်ဆရာစေတဲ့
ခပ်တုံးတုံးဝိညာဉ်တစ်ကောင်လို
ကျွန်တော့်ရင်ဘတ်ကြီး
ကုန်းရုန်းထရပ်
မနက်ဖြန်ခါမှာ
အနောက်ရပ်က နေ ထွက်လိမ့်မယ် ...


လူငယ်တစ်ယောက်ရဲ့ ရာဇဝင်ဟာ
ဘယ်လိုအက္ခရာတွေနဲ့ပဲထွင်းထွင်း
နောက်ဆုံးတော့လည်း
သုညပဲကြွင်းမှာပါ ...


အဲ့ဒီသုညအကြွင်း
ကိုယ့်ရင်ဘတ်ကိုယ်ချနင်းမယ့်လမ်းမှာ
သင်းထုံဆွတ်ပျံ့
ကံ့ကော်ရနံ့တွေဝေမယ့်နေ့
ကျွန်တော့်လွယ်အိတ်အိုကလေးကို
တိုးတိုးကလေးပြောထားတယ် ..... ။


နေရိုင်း

အလင်းကင်ဆာနှင့် မြူမှုန်တစ်စ

တောက်ပပြင်းရှတဲ့
အလင်းကင်ဆာတစ်ခုနှင့်လူ
ဘယ်လိုတလင်း၊ ဂူသင်္ချိုင်းမှာမှ
ရင်ဘတ်ခြင်း မတိုင်းဝံ့ပါဘူးကွယ် ...

အနန္တအဆိပ်တွေနဲ့
ကျွန်တော့်အပေါ်အုပ်မိုးနေတဲ့အရိပ်
အရိုးကြားထိအောင်စိမ့်ရဲ့ ...

သာမညမြူတစ်မှုန်ဟာလည်း
ကိုယ့်အလင်းနဲ့ကိုယ် လုံခြုံရမယ်တဲ့ ...

ထဲဝင်နက်ရှိုင်း
ကျွန်တော်ညွှတ်ကိုင်းလိုက်မိတယ် ...

နေခြည်မပေါက်
လရောင်မရောက်တဲ့
အမှောင်ဆုံးထောင့်တစ်နေရာမှ
အလင်းကင်ဆာနှင့် မြူမှုန်တစ်စ
ဆွတ်ဆွတ်ရှရှ
ယဉ်ကျေးမှုနဲ့ ခမ်းနားပါရစေကွယ် ..... ။ ။

နေရိုင်း


Saturday, 5 May 2012

နှင်းဆီဝိညာဉ်ပူးသော ဥယျာဉ်

ချစ်သောနှင်းဆီ...
ခပ်တုံတုံးတေလေတစ်ယောက်ရဲ့
ထိရှပျက်သုဉ်းလွယ်တဲ့ဥယျာဉ်မှာမှ
လဲ့ဖြာလင်းယှက်
ဆူးခက်တွေချည်းပွင့်ခဲ့သော
ငါ့ရဲ့ ချစ်သောနှင်းဆီရေ ...

လေဆန်တွေတိုး
နတ်ဆိုးတွေပျော်တဲ့တစ်ည
အဲ့ဒီဆူးခက်တွေကိုမှ
တိုးညှင်းသွယ်လျ
သံယောစဉ်တစ်စက
နှောင်ငင်ရစ်ပတ်
ငါ ... ဖြေဖို့ခက်ခဲ့ပြီ ... ။

ချစ်သောနှင်းဆီ ...
“အလွမ်းဆိုတာ
သံယောစဉ်တွယ်ရာမှာ
အလေ့ကျပေါက်တတ်တဲ့အရာ”... တဲ့

တရှိုက်မက်မက်
ငါ့ရဲ့ တမ်းမက်ခြင်းမှာ
ဂန္ဘီရဆန်တဲ့
အပြာရောင်မီးလျှံတွေ
လောင်ကျွမ်းတောက်ပ
ငါဟာ ပြာတစ်စဖြစ်သွားခဲ့ ... ။

ချစ်သောနှင်းဆီ ...
သွယ်လျချွန်ထက်တဲ့
သင့်ရဲ့ ဆူးခက်တစ်ချက်အဖွင့်မှာ
တေလေဥယျာဉ်တစ်ခုလုံးလည်း
တုန်ရီမောဟိုက်
မှော်လူမိုက်တို့လက်၌
သုညအကြွင်း
တစ်စခြင်း တစ်စခြင်း
ထုံဝေမှုန်သင်း ... ။

ချစ်သောနှင်းဆီ ...
ငါနဲ့မတန်တဲ့
လောကလေဆန်မှာ
စူးရှရဲတောက်
ဆူးကောက်ကလေးတွေကိုမှ
တွယ်ဖက်ရစ်မူး
ငါဟာ ... တေလေစွာရူးပေါ့ ... ။

ချစ်သောနှင်းဆီ ...
“ဓားသွားအဆင်းဖြင့်
ပျိုဝင်းထက်ရှ
လဲ့နေအောင်လှပါစေ ...

မီးရနံ့တို့
ကူလူးသွယ်ယှက်
ညဥ့်ယံ၌လည်း
တိုးတိုးညှင်းညှင်းလင်းပါစေ” ...

ချစ်သောနှင်းဆီ ...
ဆူးခက်တွေနဲ့ချယ်မှုန်း
ငါ့ဥယျာဉ်ကုန်းကအပြန်
လေညှင်းကလေးတွေပန်ထားတဲ့
နှင်းဆီရနံ့တစ်ချို့က
ဆွတ်ပျံ့ရီဆွေး
အလွမ်းစီတေးတွေကိုဆိုကြတယ် ... ။

ချစ်သောနှင်းဆီ ...
မာယာအိုတွေအလျှံညီးညီးတောက်
အပြာရောင်မီးတောက်ကလေးတွေနဲ့ညကို
ငါသောက်ပါရစေဦးကွယ် ...

နီဆွေးပွင့်ဖူး
သင့်ရဲ့ပွင့်လွှာဦးကိုမှ
မြတ်နိုးစွာနမ်းခွင့်
ငါ ... တပ်မက်ခြင်းကင်းပါရဲ့ ...

လူငယ်တစ်ယောက်ရဲ့
ရူးသွပ်လှပစွာတမ်းခြင်းကို
ဘယ်နတ်ဘုရားတွေကများ
ဖန်ဆင်းထားခဲ့လေသလဲကွယ် ... ။

ချစ်သောနှင်းဆီ ...
ဆူးခက်သံလွင်လွင်နဲ့
အညတြဥယျာဉ်လေးရဲ့ရင်ခွင်မှာ
အခုတော့ ...
နှင်းဆီရနံ့တွေအူဝေ ...
နှင်းဆီရနံ့တွေအူဝေ ...
နှင်းဆီရနံ့တွေအူဝေ ...
မနက်ဖြန်ခါများစွာမှာ
အလွမ်းတွေကြွေလိမ့်မည် ... ။

နတ်ဘုရားများထံ၌
ငါ၏လက်တစ်စုံအားဖြန့်ကား
အကြိမ်ပေါင်းများစွာ
ဆုတောင်းစကားဆိုမည် ...
“နှင်းဆီဝိညာဉ်ပူးသော
ဤဥယျာဉ်အား
ဘေးမဲ့အဖြစ် ပေးသနားတော်မူပါဘုရား” ...

ငါ၏ဆုတောင်းသံအဆုံးမှာ
ပွင့်လွှာကလေးတွေအကုန်လုံး
အုံ့ဝေထစ်ချုန်း
ငါ့ကောင်းကင်ကို
ဦးကုန်းညွှတ်ကြလိမ့်မည် ... ။

ချစ်သောနှင်းဆီ ...
သဘာဝဆန်တဲ့
လောကဓံမှာတော့
နက်မှောင်လဲ့လင်း
ဆူးခက်တွေဖြင့်ထွင်းသော
တေလေရဲ့ဥယျာဉ်ဟာ
တုန်ခါဖျော့အို
တိတ်ဆိတ်ခြင်းတွေနဲ့ငိုနေပြီကွယ် ..... ။ ။

နေရိုင်း

Saturday, 21 April 2012

ထိပ်ထားသို့ ( ၂ )



ခြူးပန်းနွယ်ယှက်
ယိမ်းဝံ့ဝံ့ပလ္လင်ထက်က
ကြယ်စင်တွေဝန်းရံခစားနေတဲ့
တေလေရဲ့ ထိပ်ထားရေ ...

ရသမြောက် ပန်းအလင်္ကာရဲ့
ရက်စက်သွယ်ပျောင်း
မာယာဝင်္ကဘာအကြောင်းကို
လင်းလင်းပပ
အဖြေမရနိုင်တဲ့ညမျိုးမှာ
ကိုယ့်ဘဝနဲ့ မဆီလျော်သော
ဆုတောင်းတချို့ကို
သုညတ္တအားနဲ့
ဘုရားသခင်ထံပါး
မဝံ့မရဲတောင်းခံမိရဲ့ ... ။

စိမ်းလွလွကဗ္ဗလာအောက်က
ခပ်ပါးပါး ငါ့ဘဝခေါက်ရိုးကျိုးကို
ခဏခဏ ငါပြန်ဖတ်မိတဲ့ည
အဲ့ဒီညပေါ့ကွယ် ...
လေပြေတွေရဲ့
တရှိုက်မက်မက်တေးသွား
ရင်ဟက်တက်ကွဲနေတဲ့ အလွမ်းများက
အနုမြူဗုံးစတွေလို
ငါ့အနားမှာကြဲချ
ငါ့တစ်ကိုယ်လုံး
နွမ်းလျရဲပ ... ။

သက်ပြင်းဝေလွင့်
ငါဟာ တေလေဖြစ်ပေမယ့်
ငြိမ်ဝပ်ခစား
ထိပ်ထားရဲ့ အပါး
တစ်ခါတစ်လေများတော့
ငယ်ကျွန်ဖြစ်ချင်ခဲ့ ...

တေလေရဲ့ အိပ်မက်ဦး
စံပယ်ဖြူရနံ့တို့ကူးလူးရာမှ
သာမညမဟုတ်တဲ့ တမ်းချင်း
မာရ်နတ်ရဲ့လက်တွင်း၌
လျောဆင်းကျကွဲ
ငါ့ဝိညာဉ်တွေပျံ့ကြဲ ... ။

ကောင်းကင်လွှာတွေတိုးသက်
စကြဝဠာကေသာထက်မှာ
ကြယ်စင်တွေပန်
“လ”ဆံထိုးကိုထိုးလို့
ကပိုကရိုလေးလှတဲ့ည
တေလေရဲ့ စိတ်ကူးထဲကမဖုရား
မြသလွန်ထက်က ထိပ်ထားရေ
လှပသောအိပ်မက်များစွာနဲ့
သာယာပါစေသားကွယ် ..... ။

နေရိုင်း

ဇွန်ပန်းပွင့်လေး အကြောင်း


ရွှန်းလဲ့ဝေဆင့်
ငါ့အတွက်မပွင့်ခဲ့သော
ဇွန်ပန်းဖြူလေးရေ
တစ်နိုင်တစ်ဝန်ထမ်းပိုးရမယ်ဆိုရင်
သွေ့အက်ရီဆွေး
အလွမ်းစီတေးတွေကိုငါပိုလို့ခုံမင်ရဲ့ .....

သင့်ရဲ့နံ့သာကိုဝှက်
ငါ့အတွက်မမွှေးပျံ့တတ်ခဲ့သော
သင့်အပါးခစား
လေပြေရဲ့သမီးတော်များရယ်
စကြဝဠာအဝေးကငါ့အား
ပြုစားခြင်းများရပ်ပါတော့လားကွယ် .....

နားလည်ပါရဲ့ ...
ဖြူစင်သင်းတဲ့
ဇွန်ပန်းကလေးတစ်ပွင့်အတွက်
ယဉ်ယဉ်ကျေးကျေး
ငါရင်နင့်ပေးပါ့မယ် .....

အခုတော့
ခုံးခုံးဝန်းဝန်း
လင်းညို့နေတဲ့ဆည်းဆာမှာ
ငါ့ဒိုင်ယာရီအပြာလေးက
မင်းအကြောင်း စာလုံးပေါင်း
ငါ့ကိုမေးနေပြီကွယ် .....။ ။

နေရိုင်း