မြေပြင်ကိုကန်ထားတဲ့ကောင်းကင်က
ကျွန်တော့်အပေါ်
ကျည်ဆန်တွေချည်းအန်ချတယ် မေမေ ...
သိုသိပ်ငြိမ်သက်
ကျွန်တော့်ရဲ့ တိတ်တခိုးအိပ်မက်မှာ
အလျား၊ အနံတွေမတပ်တဲ့
စံပယ်ပွင့် ကြက်ခြေခတ်လေးတွေ အကြောင်း
ကြယ်စင်တွေနဲ့ ခုတ်မောင်းရင်း
ရင်ဘတ်ဟောင်းလောင်းပွင့်နေတဲ့ ကောင်းကင်ကို
ဗြောင်းခနဲ ပစ်ပေါက်ပြချင်တယ် ...
ကျီးတစ်ကောင်ရဲ့ အာ သံကိုလည်း
ဆိုရိုးဆန်ဆန် ဖွင့်ဖတ်မနေပါတော့နဲ့ မေမေရယ် ...
မုန်တိုင်းပြင်းထန်တဲ့
တေလေရဲ့အပြန်ရက်ကို သတ်မှတ်ပေးမယ့်
ကံကြမ္မာရဲ့ အရေးအကြောင်းတွေကို
ဘုရားသခင်ဆီက မှန်တစ်ချပ်တောင်းပြီး ကြည့်ချင်တယ် ...
ခြေပစ်လက်ပစ်
ကျွန်တော်နှစ်သက်စွာအောင်းတဲ့
အမေ့ရဲ့ အိမ်ဟောင်းလေးကိုလေ
မြေပြင်နဲ့ခြေဖဝါး တစ်သားတည်းကျတဲ့နေ့
အမေ့ရင်ငွေ့လှုံဖို့
စံပယ်တစ်ရုံနဲ့အတူပြန်ခဲ့မယ် ..... ။ ။
နေရိုင်း
No comments:
Post a Comment