Sunday, 12 August 2012

တစ်ဝက်တစ်ပျက် အိပ်မက်

ကြယ်တွေ အုပ်အုပ်သည်းသည်းကြွေတဲ့ညကပေါ့
တိုးညှင်းလွန်းတဲ့ လမ်းကလေးမှာ
ငါ .. တစ်ကိုယ်တည်းစီးဆင်းခဲ့တယ် ...

ညဥ့်ငှက်တို့ရဲ့ အတောင်ပံမှာ
ကြယ်ကြွေသံတွေ ရစ်ပတ်ထစ်ချုန်း
( ကောင်မလေးရယ် )
မိုးအဆုံး၊ မြေအဆုံးဝေးလိုက်ကြစို့ကွယ် ...

ကန္တာရရဲ့ အိပ်မက်က
မိုးရေစက်ကို တပ်မက်သလို
မဟူရာညရဲ့ နှုတ်ခမ်းကလည်း
လရောင်ကို နမ်းချင်မိလိမ့်မယ် ...

တကယ်တော့
ကံကြမ္မာဆိုတာ
ပန်းပန်ထားတဲ့ မြားဒဏ်ရာနဲ့ကောင်ပါပဲ ...

ဒီလိုနဲ့ ဝေးလွင့်
ညဟာ ပိုရင့်ခဲ့ပြီ ...

မြတ်နိုးမှုနဲ့ အုပ်မိုး
ကံနတ်ဘုရားကို စီးချင်းထိုးခဲ့ပေမယ့်
( ကောင်မလေးရေ )
ညနက်နက်ရဲ့ အိပ်မက်ဆိုတာ
တစ်ဝက်တစ်ပျက်မှတ်တမ်းပါပဲကွယ် ..... ။

နေရိုင်း

No comments:

Post a Comment