ညဥ့်လေမှာ
ကံ့ကော်ရနံ့တွေ
အထိတ်တလန့်နဲ့
ဆွတ်ပျံ့ဝေညှင်း
သင်းထုံလင်းတဲ့ည
ကျွန်တော့်လွယ်အိတ်အိုကလေးအပေါ်
အလွမ်းရိုင်းတွေပြိုကျလာတယ် ...
အပိုင်းပိုင်းပြတ်နေတဲ့
လရောင်တစ်ချို့တစ်ဝက်က
ညနက်နက်ကို
ကံ့ကော်ရနံ့တွေနဲ့လှမ်းပက်တဲ့အခါ
လောကကြီးတစ်ခုလုံး
ရနံ့တွေ အိုရီမှုန်သင်း
အမှတ်တရအချို့ချို့က
လွယ်အိတ်အိုကလေးမှာ
လဲ့ဖြာလွန်းထိုး
ဘဝဟာ ခေါက်ရိုးအထပ်ထပ်ကျိုးပြီးသွားပါကွယ် ...
အရွယ်လွန်အတိတ်အိုမှာလည်း
အချိုဖူးတဲ့အိပ်မက်တွေနဲ့
ဝေ့ဝဲအက်ကွဲ
သက်ပြင်းတွေကို ရပ်စဲထားခဲ့တယ် ...
နားလည်ပါရဲ့ လောကကြီးရယ်
သာမညတစ်ယောက်ရဲ့ ဝှက်ဖဲက
ဘယ်လောက်ထိမှ
မကြီးကျယ်၊ မခမ်းနားမှန်းလည်းသိပါတယ် .....
ကိုယ့်လွတ်လပ်ခွင့်
ကိုယ်မပိုင်တဲ့ဘဝမှာ
ရဲရဲရင့်ရင့်
ဘယ်အရာကိုမှ လက်မလှမ်းဝံ့ခဲ့သူ
လောကအရေထူထူတွေကို
ကိုယ်နဲ့မတော်ပဲ ဝတ်ဆင်ခဲ့ရ ...
အို ... မိုးနတ်မင်းရေ
ကောင်းကင်ကြီးရေမချိုးတဲ့
အုပ်ဝေမှိုင်းညို့
ကန္တာရပျိုမှာမှ
မုတ်သုန်ပွင့်ကိုရှာချင်ခဲ့သူလေ .....
ယဉ်ကျေးခမ်းနားတဲ့
လောကဓံတရားမှာ
တဖြည်းဖြည်းနဲ့
တိမ်းညွှတ်ယဉ်ပါး
ကျွန်တော်နဲ့ လွယ်အိတ်အိုကလေးလည်း
အလွမ်းတွေကို
ဝှက်ကွယ်ထားတတ်ပြီ ...
လင်းလင်းပပ
ဖြစ်ပြီးတဲ့အရာမှန်သမျှ
ပျက်စီးခြင်းကို မလွန်ဆန်နိုင်ကြပါဘူးလေ ...
ဗလာအသုံးအနှုန်းတွေနဲ့
ကျွန်တော့်ရင်ဘတ်ထဲက
သုညလေးတစ်လုံးအတွက်
မှော်ဆရာစေတဲ့
ခပ်တုံးတုံးဝိညာဉ်တစ်ကောင်လို
ကျွန်တော့်ရင်ဘတ်ကြီး
ကုန်းရုန်းထရပ်
မနက်ဖြန်ခါမှာ
အနောက်ရပ်က နေ ထွက်လိမ့်မယ် ...
လူငယ်တစ်ယောက်ရဲ့ ရာဇဝင်ဟာ
ဘယ်လိုအက္ခရာတွေနဲ့ပဲထွင်းထွင်း
နောက်ဆုံးတော့လည်း
သုညပဲကြွင်းမှာပါ ...
အဲ့ဒီသုညအကြွင်း
ကိုယ့်ရင်ဘတ်ကိုယ်ချနင်းမယ့်လမ်းမှာ
သင်းထုံဆွတ်ပျံ့
ကံ့ကော်ရနံ့တွေဝေမယ့်နေ့
ကျွန်တော့်လွယ်အိတ်အိုကလေးကို
တိုးတိုးကလေးပြောထားတယ် ..... ။
နေရိုင်း
No comments:
Post a Comment