ထိပ်ထားရေ.....
သတ္တမမြောက်မွေးဖွားခြင်းနှင့်အတူ
သတ္တမမြောက်လမ်းကို
သတ္တမမြောက်ခြေလှမ်းနဲ့ပဲ
နိဒါန်းပျိုးခဲ့တယ်.....
ရိုးရိုးရှင်းရှင်း
အဖြူရောင်တွေပဲခင်းတဲ့ ငါ့တလင်းမှာ
ထိပ်ထားနှင်းတဲ့သဝဏ်လွှာတွေက
နီ ဆွေး ရဲ တောက်
မင်(မှင်)နီတွေပဲ ပေါက်လေရဲ့.....
ကန္တဝင် သက္ကရာဇ်ချိုတွေမဟုတ်ပေမယ့်
အဲ့ဒီ အရွယ်လွန် အတိတ်တွေအိုအတွက်
နေညိုညိုမှာလည်း
ငါ.....တေးမဆိုတတ်ခဲ့ဘူး.....
“သိပါလေစ ထိပ်ထားရေ
ဟော့ဒီ ပင်လယ်တွေ
သမုဒ္ဒရာကြီးတွေကလည်း
ဒီရေခိုး၊ ရေငွေ့လေးတွေကနေ စခဲ့တာကွယ့်.....”
“အိပ်မက်ချိုတွေနဲ့ ထိပ်ထားပျော်ပါစေ”
ကံ့ကော်ဝတ်ဆံတွေ ပြန့်ကြဲတဲ့ အသူရာည
ငါ့ဘဝ...လှလှပပကို မြေခသွားခဲ့တယ်.....
တစ်ကိုယ်စာကလေးစိုစွတ်ဖို့
တိမ်မှောင်တွေကိုလည်း မပျိုးတတ်သူ
ငါ့အရေထူထူတွေနဲ့ပဲ
ဒီတလင်းမှာ လုံခြုံမယ်.....
ငါ့တလင်းကို
ငါ့ပါသာပြန်လည်ခင်းကျင်း
နေရာလေးတော့ ရှင်းထားမယ်.....
သတ္တမမြောက် အိပ်မက်ကို
သတ္တမမြောက် ညကျမှ
သတ္တမမြောက် အနမ်းနဲ့ပဲ
ငါပြန်ယူတော့မယ် ထိပ်ထားရေ.....။ ။
နေရိုင်း

No comments:
Post a Comment