မြောက်လေတစ်ချက်အတိုက်မှာ
ယိမ်းခတ်သွားတဲ့ တိမ်တိုက်တွေ
ကိုယ့်သက္ကရာဇ် ကိုယ်ပြန်မဖတ်ဖြစ်တာ
မုတ်သုန်ဘယ်နှစ်ခေတ်တောင်တိုင်ခဲ့ပြီလည်း.....
မှိုင်းညို့နက်စောက်
ကောင်းကင်ကပစ်ပေါက်လိုက်တဲ့ မိုးစက်
နိယာမတရားရဲ့ ဟိုး...အနက်ထဲကို
အမှတ်တရတွေနဲ့ အတူ ထိုးစိုက်သွားတယ်.....
ဝဿန်ဒိုင်ယာရီလေးတစ်ရွက်ပါ
အမြင့်မြတ်ဆုံးသော
အလွမ်းတစ်ချက်မှာ
စံပယ်ဖြူတွေ တဖျတ်ဖျတ်ပွင့်ကြတယ်.....
အတိတ်အိုကနေ
ပစ္စုပ္ပန်တွေမွေးဖွား
အနာဂတ် အသင်္ချေတိုင်အောင်
ကြေကွဲသွားပေါ့.....
ဆွတ်ဆွတ်ရှရှ
ဘယ်တုန်းကမှ မလှတဲ့ကောင်းကင်
ပန်းရောင်ပြပြ
ငါ့အတွက် ရှင်းပပေးပါ.....
အတ္တလေပြင်းတွေ
ခပ်ကြမ်းကြမ်းမွှေ
မှော်ပညာမြောက်တဲ့
ကဝေမိုးပေါက်တွေကြွေတဲ့ ဝဿန်
ဟော့ဒီက
ကစဥ့် ကလျား
ငါ့ ကာရံများအား
စမတ်ကျကျ ဖြစ်ခွင့်ပေးခဲ့ပါ.....။ ။
နေရိုင်း
No comments:
Post a Comment