Monday, 26 March 2012

နွေသို့.......



နွေကိုရောက်လို့

နှင်းတွေပျောက်ခဲ့ရတာဆိုရင်

ကိုယ့်ရင်ဘတ်ကိုယ်ခင်း

ဟော့ဒီနွေတလင်းမှာ

စစ်မက်ပြိုင်မိုး

နေမင်းနဲ့ငါ စီးချင်းထိုးမယ်.....။          ။

နေရိုင်း

ပိတောက်ဝါသို့ ခွန်းခြွေစကား


သက္ကရာဇ် အထပ်ထပ်မှာ
ပစ်စလက်ခတ် ပွင့်သွားတဲ့
ရွှေအိုရောင်တောက်
အို...ပိတောက်တို့ရယ်
သင့်ရဲ့ ရနံ့တစ်ပေါက်လောက်
ငါ့ရင်ကို ပစ်ပေါက်ပေးပါ.....

ဘီလူးနက္ခတ်သက်သက်
ငါ့ရင် ဝဲဘက်မှာ
ပိတောက်ရနံ့တွေပြန့်ကြဲ
ငါတစ်ကိုယ်တည်း
ဆွတ်..ရှ..အက်..ကွဲ.....

မုသားတို့ရဲ့ လေးတစ်ချက်
သစ္စာအိပ်မက်ကို ခွင်းဖောက်
ပိတောက်ရနံ့တွေကို
ကောက်သွားကြတယ်.....

ပိတောက် နဂ္ဂတစ်တွေ
တစ်ပွင့်ပြီး တစ်ပွင့်ပြိုလဲ
ငါ့အိပ်မက်တွေ ဆေးရောင်မွဲသွားခဲ့
ရက်စက်သွယ်ပြောင်း
တစ္ဆေခေါင်းလောင်းသံကို
ငါ သဲ့သဲ့ကြားရဲ့.....

ဘယ်သူမှ မသိခဲ့ပါဘူး
ငါ့မျှော်လင့်ချက် ဂန္တဝင်ပုရပိုဒ်မှာ
ပန်းအက္ခရာတွေထွင်း
ညဥ့်အိပ်မက်မှာ
ရှင်းပခြင်းအနန္တနဲ့
ပိတောက်ရနံ့တွေ သင်းစေသား.....။ ။

နေရိုင်း

Saturday, 24 March 2012

အဆိပ်မှန်တဲ့ ငါ့ဝဿန်



မြောက်လေတစ်ချက်အတိုက်မှာ
ယိမ်းခတ်သွားတဲ့ တိမ်တိုက်တွေ
ကိုယ့်သက္ကရာဇ် ကိုယ်ပြန်မဖတ်ဖြစ်တာ
မုတ်သုန်ဘယ်နှစ်ခေတ်တောင်တိုင်ခဲ့ပြီလည်း.....

မှိုင်းညို့နက်စောက်
ကောင်းကင်ကပစ်ပေါက်လိုက်တဲ့ မိုးစက်
နိယာမတရားရဲ့ ဟိုး...အနက်ထဲကို
အမှတ်တရတွေနဲ့ အတူ ထိုးစိုက်သွားတယ်.....

ဝဿန်ဒိုင်ယာရီလေးတစ်ရွက်ပါ
အမြင့်မြတ်ဆုံးသော
အလွမ်းတစ်ချက်မှာ
စံပယ်ဖြူတွေ တဖျတ်ဖျတ်ပွင့်ကြတယ်.....

အတိတ်အိုကနေ
ပစ္စုပ္ပန်တွေမွေးဖွား
အနာဂတ် အသင်္ချေတိုင်အောင်
ကြေကွဲသွားပေါ့.....

ဆွတ်ဆွတ်ရှရှ
ဘယ်တုန်းကမှ မလှတဲ့ကောင်းကင်
ပန်းရောင်ပြပြ
ငါ့အတွက် ရှင်းပပေးပါ.....

အတ္တလေပြင်းတွေ
ခပ်ကြမ်းကြမ်းမွှေ
မှော်ပညာမြောက်တဲ့
ကဝေမိုးပေါက်တွေကြွေတဲ့ ဝဿန်
ဟော့ဒီက
ကစဥ့် ကလျား
ငါ့ ကာရံများအား
စမတ်ကျကျ ဖြစ်ခွင့်ပေးခဲ့ပါ.....။          ။

နေရိုင်း

Tuesday, 20 March 2012

လွယ်အိတ်ကိုင်းက ကံ့ကော်ရိုင်း


ကြယ်ရောင်တွေ
သမ်းဝေ ငိုက်မြည်းတဲ့ည
ကျွန်တော့် အိပ်မက်တွေ
တစ်နံတစ်လျား
ခရီးရှည်ထွက်သွားကြရဲ့.....

မှော်မီး စုန်းတောက်
ကျွန်တော့်ရင်ကိုဖောက်တဲ့မြားက
ကျွန်တော့်လက်မှ မွေးဖွားသတဲ့.....

နားလည်ပါရဲ့
ကံ့ကော်ပွင့်လေးရယ်.....

ဆုမပန်တတ်သူမို့
ကိုယ့်အက္ခရာ
ကိုယ့်ပြန်မြိုပါ့မယ်.....

လေပြေတွေမချို
ပန်းတွေ ငိုတဲ့အလင်္ကာ
ကံကြမ္မာ အသွားထက်မှာ
ဒဏ်ချက်များစွာနဲ့ပေါ့.....

ပြီးဆုံးသွားတာ
သေချာခဲ့ပါပြီ.....

တိုးတိုးလေးငိုနေတဲ့
ကျွန်တော့်ရဲ့လွယ်အိတ်ကိုင်းမှာ
ကံ့ကော်အရိုင်းတွေပွင့်နေပြီကွယ်.....။          ။

နေရိုင်း

Friday, 16 March 2012

မာရ်နတ်ရစ်သမ်နဲ့ ည



အထီးကျန် အခင်းအကျင်းနဲ့
ညရင်ခွင်သို့
ညနေတစ်ခင်း
လွင့်ကျဖိတ်စင်ခဲ့ပြီကွယ်.....

မဟူရာရောင်အလွှမ်းမှာ
အိမ်အပြန်ညရဲ့
ကျွန်တော့်ရဲ့ လခြင်းလေးလည်း
မှေး..မှိန်..ကွယ်..ပျောက်
သူယောင်မယ်တို့ အပြုံးက
အရိုးသားဆုံးဖြစ်ခဲ့တယ်.....

တိုးတိတ်နေတဲ့ အခိုးအငွေ့တွေကြားမှာ
ကွဲအက်သွေ့ခြောက်
တစ္ဆေတွေ ခုန်ပေါက်မယ့်
မာရ်နတ်ရဲ့ ညှို့စောင်းတစ်လက်က
ကျွန်တော့်ရင်ဘတ်ကိုခွဲ
အိပ်မက်တွေကို ဆွဲယူသွားလေရဲ့.....

မုသားလေပြေတွေရောတဲ့
ကဝေတို့ရဲ့ တသောသောရယ်သံ
ကျွန်တော့် အတွက်
နျူကလီးယားဆန်တယ်.....

အမှောင်နံရံအထပ်ထပ်ခြားထားတဲ့
ကျွန်တော့်ရဲ့ အိမ်ပြန်ညများ
နတ်ဆိုးတို့ရဲ့ ပြက္ခတွေအကြား
ခြေပစ်လက်ပစ်တိုးဝင်သွားတာ
သက္ကရာဇ် အစီအရီတောင်
ဘုရင် အလီလီပြောင်းခဲ့ပြီ.....။ ။

နေရိုင်း


Thursday, 15 March 2012

တေလေလမ်းမှ မနုဿ


မနုဿခေတ်မှာ
မီးတစ်စက်ပွင့်ပြီးမှ
လူသားဖြစ်ခွင့်ရခဲ့တဲ့ကျွန်တော်
နွေပင်လယ်ထက်မှာ
ရွက်တစ်ဖက်တည်းနဲ့လည်း
ခရီးဆက်ရဲခဲ့ပြီ.....

တေလေမှတ်တမ်းတစ်ခုမဟုတ်ပါ
(သို့ပေမယ့်)
တေလေမှတ်တိုင်သို့
ရက်ရှည်ခရီးဆက်သူဖြစ်သည်.....

ကိုယ့်ရင်ဘတ်ကိုခွဲရင်
နွေအပူတွေရဲနေတာကလွဲလို့
သူမအတွက်မြောက်ရင်စွန်းတန်းနဲ့ဝေးလွန်းတယ်.....

နှင်းပွင့်တွေပြိုလဲ
ကျွန်တော့်ရင်ဘတ်ထဲ
နည်းနည်းလောက် ခွဲထည့်ပေးပါ.....

လတ်ဆတ်အေးမြတဲ့
နှင်းအလင်္ကာတစ်ပုဒ်လောက်
သူမအတွက်
ထစ်ချုန်းပေးခဲ့ချင်လို့ပါ.....။     ။

နေရိုင်း

ထိပ်ထားသို့ ( ၁ )


ထိပ်ထားရေ.....
သတ္တမမြောက်မွေးဖွားခြင်းနှင့်အတူ
သတ္တမမြောက်လမ်းကို
သတ္တမမြောက်ခြေလှမ်းနဲ့ပဲ
နိဒါန်းပျိုးခဲ့တယ်.....

ရိုးရိုးရှင်းရှင်း
အဖြူရောင်တွေပဲခင်းတဲ့ ငါ့တလင်းမှာ
ထိပ်ထားနှင်းတဲ့သဝဏ်လွှာတွေက
နီ ဆွေး ရဲ တောက်
မင်(မှင်)နီတွေပဲ ပေါက်လေရဲ့.....

ကန္တဝင် သက္ကရာဇ်ချိုတွေမဟုတ်ပေမယ့်
အဲ့ဒီ အရွယ်လွန် အတိတ်တွေအိုအတွက်
နေညိုညိုမှာလည်း
ငါ.....တေးမဆိုတတ်ခဲ့ဘူး.....

“သိပါလေစ ထိပ်ထားရေ
ဟော့ဒီ ပင်လယ်တွေ
သမုဒ္ဒရာကြီးတွေကလည်း
ဒီရေခိုး၊ ရေငွေ့လေးတွေကနေ စခဲ့တာကွယ့်.....”

“အိပ်မက်ချိုတွေနဲ့ ထိပ်ထားပျော်ပါစေ”

ကံ့ကော်ဝတ်ဆံတွေ ပြန့်ကြဲတဲ့ အသူရာည
ငါ့ဘဝ...လှလှပပကို မြေခသွားခဲ့တယ်.....

တစ်ကိုယ်စာကလေးစိုစွတ်ဖို့
တိမ်မှောင်တွေကိုလည်း မပျိုးတတ်သူ
ငါ့အရေထူထူတွေနဲ့ပဲ
ဒီတလင်းမှာ လုံခြုံမယ်.....

ငါ့တလင်းကို
ငါ့ပါသာပြန်လည်ခင်းကျင်း
နေရာလေးတော့ ရှင်းထားမယ်.....

သတ္တမမြောက် အိပ်မက်ကို
သတ္တမမြောက် ညကျမှ
သတ္တမမြောက် အနမ်းနဲ့ပဲ
ငါပြန်ယူတော့မယ် ထိပ်ထားရေ.....။     ။

 နေရိုင်း


နွေ


ဝတ်လစ်စလစ်ကောင်းကင်မှာ
အလွမ်းလှိုင်းတွေ အပြိုင်းအရိုင်းလွင့်ကြဲ
နွေဆိုတာက ဝေ့ဝေ့ဝဲဝဲလေးကျလာတယ်.....

သက္ကရာဇ်တွေသာပြိုသွားခဲ့
နွေဆိုတဲ့ငပျင်း
သူ့ခြေကျင်းနဲ့သူ အရင်လိုပဲကတယ်.....

“ပြုံးပျော်ခြင်းကင်း၊ ရင်၌အလွမ်းတွေကြွင်းပါစေ”
ဒါ...နွေငပျင်းရဲ့ ခွန်းချွေစကား
မင်းတို့၊ ငါတို့အတွက် နားခါးလိမ့်မယ်.....

ပုပ်အပ်အပ် အပူမီးတွေချွေမယ့်နွေ
တောက်တောက်လောင်လောင်ကိုလှရဲ့.....

ဝိဉာဉ်မနက်ခင်းတွေကို
စေတန်ကကြိုးတွေနဲ့ဆွဲ
နွေဆိုတာ...ငါ့အတွက်ငရဲပဲ.....။

နေရိုင်း

မျက်ဝန်းနက်


သူမ၏မျက်ဝန်းနက်သည်
ငါ့ရင်အုံအားအုပ်စိုးသော
ရွှေအိုရောင် မိုးကြိုးတစ်လက်ဖြစ်သည်
---လင်းလက်သည်.....
---သိမ်မွေ့သည်.....
---တိတ်တဆိတ် စူးနစ်တတ်၏.....
သို့သော်...
ရူးရူးမူးမူး ငါ...ရိုကျိုးခဲ့ဖူးသည်.....

သူမရဲ့မျက်တောင် တစ်ချက်အခက်က
ဒဏ္ဍာရီပေါင်းများစွာအား
မှေးမှိန်ပျက်ပြယ်စေခဲ့သည်.....

“မျက်ဝန်းနက်မှာ
ညှို့ချက်ပဟေဠိအပြည့်နဲ့ကောင်မလေးရေ...”
ကံ့ကော်ဝတ်ဆံတွေစိုလူး
နှင်းဝတ်နှင်းမှုန်တွေရိုင်းကြွ
အလင်္ကာလိုလှတဲ့ မျက်ဝန်းနက်
ငါမခူးခဲ့သော အလွမ်းတွေက
ခုအခါ...ငါ့ကို ပြန်ခူးကြပြီ
ဆုမတောင်းပေမယ့်
ငါ့အိပ်မက်တွေ တကူးတကမှောင်တယ်.....

ကိုယ့်ချစ်သူကိုချစ်တဲ့အကြောင်း
ရှေးလူတွေ ဘယ်လိုများစာလုံးပေါင်းခဲ့ကြသလဲ.....?

ငါ့ရဲ့ရင်ခုန်သံပျိုးခင်းထဲမှာတော့
ရှင်သန်မှုတွေ စိမ်းလန်းလာမှာမဟုတ်တော့ဘူး
မျက်ဝန်းနက်လေးရေ.....။     ။

Saturday, 10 March 2012

လမင်းရဲ့ရင်ဘတ်ထဲက အလင်းရောင်ဝှက်ဖဲ


“လမင်းရဲ့ရင်ဘတ်ထဲက အလင်းရောင်ဝှက်ဖဲ

ပင်လယ်ရေချိုစေဖို့
လမင်းလည်း ငိုတတ်ခဲ့ပြီကွယ်

အလင်းပြာတွေ အက်ကွဲ
သူမလက်ထဲက ဝှက်ဖဲတစ်ချပ်သည်
ပင်လယ်၏ အသက်ဖြစ်လေရဲ့

စေတန်ရဲ့ မြားတစ်ချက်ကြောင့်
အသင်္ချေတမျှ ကြွေလွင့်ခဲ့ရသော
ဆန္ဒမီးတောက်
အလင်းပျောက်ခဲ့ရသော ကြယ်စင်တွေရယ်

ကောင်းကင်ညည်းသံသဲ့သဲ့မှာ
သင်တို့ရဲ့ အငွေ့အသက်တွေပါသတဲ့

သစ္စာအရိုင်းတို့ဖြင့်တည်သော
ကြယ်စင်တို့ရဲ့ သမိုင်း အုတ်ဂူဖြူသည်
အလင်းငှက်တို့ နားရာမြေဖြစ်သည်

ကောင်းကင် သက္ကရာဇ်နဲ့
လမင်းရဲ့ အရိုးအဆစ်တွေကြားမှာ
ကြယ်စင်တို့ရဲ့သစ္စာတရားတွေ နားဝင်ခိုကပ်
စကြဝဠာနဲ့အတူ ခရီးဆက်ကြလိမ့်ဦးမည်..........။          ။

နေရိုင်း

Tuesday, 6 March 2012

နှင်းဆီအရိပ်အောက်က သုည

“နှင်းဆီအရိပ်အောက်က သုည”

ကွဲအက်ထွက်တော့မယ့်
အဲ့ဒီ အလင်းမှုန်ညချမ်းမှာပဲ
ရဲရဲရင့်ရင့် စွင့်လွင့်ပြီး
ပွင့်ပစ်လိုက်စမ်းပါ နှင်းဆီရယ်.....

စကြဝဠာ
အထပ်ထပ်အဝေးကနေ
အလင်းနှစ်တွေနဲ့ ငါပြေးခဲ့မယ်.....

ဖွာလန်ကျဲနေတဲ့ ငါ့ဆံပင်တွေကို
သင့်ရဲ့ ဆူးခက်တွေနဲ့ထွင်
ဖြူရော်တော့မယ့် ငါ့သွေးတွေအတွက်
သင့်ရဲ့ပွင့်ဖတ်တွေနဲ့ နီစွေးစေလိုက်မယ်.....

ငါ...ရူးမိုက်ပါရစေတော့ နှင်းဆီရယ်
နွမ်းလွင့်လို့ကြွေစေဖို့
ဘယ်လက်မျိုးနဲ့မှ
ကမ်းလင့်လို့ မချွေစေရဘူး.....

ဒီခန္ဓာ ဒီစိတ်နဲ့
သင့်အရိပ်မှာ အိပ်ပါရစေ..........။ ။

နေရိုင်း