Sunday, 29 January 2012

ဆာဟာရပေါ်က ငါ့ဖိနပ်ဖြူလေး


“ဆာဟာရပေါ်က ငါ့ဖိနပ်ဖြူလေး”

လေဆန်တွေတိုး နတ်ဆိုးတွေပျော်တဲ့ညမှာ

အိပ်မက်တွေကို လေးအသွင်ပြောင်း

မျှော်လင့်ချက်တွေကို မြားအဖြစ်တပ်ဆင်ပြီး

ဂန္ဓဝင်မြို့ဟောင်းထဲက

ဆောင်းဦးပေါက် ကဗျာတွေကိုအမဲလိုက်ဖို့

ငါ့ဖိနပ်အဖြူလေးနဲ့ ခရီးရှည်တစ်ခုကို ငါထွက်ခဲ့တယ်.....

ကောင်းကင်ဟာ အလင်းပြာတွေနဲ့ညို့ဝေ

ကြယ်တွေလည်း အဆုပ်လိုက်ကြွေလို့

ငါ့အိပ်မက်နဲ့မျှော်လင့်ချက်တွေ ညလေမှာလွန်းထိုးသွားကြတယ်.....

လရောင်တွေဖြာကျ သိပ်သိပ်သည်းသည်းလှမယ့်ည

ဆာဟာရမှာ မိုးတစ်ပွင့်ကျသွားတယ်

ကောင်မလေးတစ်ယောက်လည်း ငါ့အိပ်မက်တွေကိုမှောက်ခဲ့.....

ဟန်မူရာဘီရဲ့ ကိုဒဥပဒေသာ

မင်းနဲ့ငါ့အကြားမှာရှိခဲ့ရင်.....

ကောင်မလေး...မင်းငါ့အိပ်မက်တွေကို အလျော်ပြန်ပေးရလိမ့်မယ်.....

လရောင်ဟာ မှောင်တဲ့ညမှာပိုလင်းတယ်တဲ့ ကောင်မလေး

ငါ့မျှော်လင့်ချက်အချို့လည်း ပုန်းလျှိုးကွယ်ပျောက်

ကြယ်စင်တွေနောက် လိုက်သွားကြလေရဲ့.....

ငါ့လက်မှာ ဗလာနတ္ထိ ဖက်တွယ်စရာမရှိပေမယ့်

ငါ့ရဲ့ဖိနပ်ဖြူလေးတစ်ရံ ငါ့ဆီမှာကျန်ခဲ့သေးလို့.....ငါပျော်မိတယ်.....။ ။

နေရိုင်း

No comments:

Post a Comment