Sunday, 29 January 2012

ကျွန်တော့်ရဲ့ ငြိမ်းချမ်းရာရင်ခွင်သို့


“ကျွန်တော့်ရဲ့ ငြိမ်းချမ်းရာရင်ခွင်သို့.....”

အတောင်စုံပြီ ထင်လို့
လေအဟုန်ကိုခွင်းပြီး
လမ်းတစ်ခုကို သားလျှောက်ခဲ့တယ် အမေ.....

သားနင်းခဲ့တဲ့လမ်းတစ်လျှောက်လုံ
အထီးကျန်ခြင်းတို့ အပြိုင်းပြိုင်းထ
သားကိုယ်မှာလည်း ဒဏ်ရာတွေ ဗရပွနဲ့ပေါ့.....

အချို့သောသူတွေက
သူတို့ဆိုင်ရာ နေရာတွေမှာရပ်
ဒီဘဝတွေကို အိပ်မက်မက်ကြဦးမယ်.....

သားကတော့ အိပ်ယာမဲ့သူပေါ့
ဒီလမ်းကလေး မဆုံးသေးသ၍
ဒီခြေထောက်တွေနဲ့ ရွေ့နေရဦးမယ် အမေ.....

ရောင်နီလည်းပျိုးခဲ့ပြီ
မျက်ဝန်းမှာ မျက်ရည်စိုလို့
ရင်ထဲမှာ မိုးတွေညို့နေပြီလား အမေ.....

စိတ်ချပါ အမေ.....
အဖေပေးခဲ့တဲ့ "အားမာန်"
သားအတွက် ဓား၊လှံ တွေမလိုပါဘူး
အမေ့ရဲ့ နွေးထွေးတဲ့ "မေတ္တာ"
သားရဲ့ ခိုင်မာတဲ့ "သစ္စာ" တွေကိုအရင်းပြုလို့
အခု သားပြန်လာဖို့ကြိုးစားနေတယ် အမေ.....။ ။

နေရိုင်း

No comments:

Post a Comment