Saturday, 21 April 2012

ထိပ်ထားသို့ ( ၂ )



ခြူးပန်းနွယ်ယှက်
ယိမ်းဝံ့ဝံ့ပလ္လင်ထက်က
ကြယ်စင်တွေဝန်းရံခစားနေတဲ့
တေလေရဲ့ ထိပ်ထားရေ ...

ရသမြောက် ပန်းအလင်္ကာရဲ့
ရက်စက်သွယ်ပျောင်း
မာယာဝင်္ကဘာအကြောင်းကို
လင်းလင်းပပ
အဖြေမရနိုင်တဲ့ညမျိုးမှာ
ကိုယ့်ဘဝနဲ့ မဆီလျော်သော
ဆုတောင်းတချို့ကို
သုညတ္တအားနဲ့
ဘုရားသခင်ထံပါး
မဝံ့မရဲတောင်းခံမိရဲ့ ... ။

စိမ်းလွလွကဗ္ဗလာအောက်က
ခပ်ပါးပါး ငါ့ဘဝခေါက်ရိုးကျိုးကို
ခဏခဏ ငါပြန်ဖတ်မိတဲ့ည
အဲ့ဒီညပေါ့ကွယ် ...
လေပြေတွေရဲ့
တရှိုက်မက်မက်တေးသွား
ရင်ဟက်တက်ကွဲနေတဲ့ အလွမ်းများက
အနုမြူဗုံးစတွေလို
ငါ့အနားမှာကြဲချ
ငါ့တစ်ကိုယ်လုံး
နွမ်းလျရဲပ ... ။

သက်ပြင်းဝေလွင့်
ငါဟာ တေလေဖြစ်ပေမယ့်
ငြိမ်ဝပ်ခစား
ထိပ်ထားရဲ့ အပါး
တစ်ခါတစ်လေများတော့
ငယ်ကျွန်ဖြစ်ချင်ခဲ့ ...

တေလေရဲ့ အိပ်မက်ဦး
စံပယ်ဖြူရနံ့တို့ကူးလူးရာမှ
သာမညမဟုတ်တဲ့ တမ်းချင်း
မာရ်နတ်ရဲ့လက်တွင်း၌
လျောဆင်းကျကွဲ
ငါ့ဝိညာဉ်တွေပျံ့ကြဲ ... ။

ကောင်းကင်လွှာတွေတိုးသက်
စကြဝဠာကေသာထက်မှာ
ကြယ်စင်တွေပန်
“လ”ဆံထိုးကိုထိုးလို့
ကပိုကရိုလေးလှတဲ့ည
တေလေရဲ့ စိတ်ကူးထဲကမဖုရား
မြသလွန်ထက်က ထိပ်ထားရေ
လှပသောအိပ်မက်များစွာနဲ့
သာယာပါစေသားကွယ် ..... ။

နေရိုင်း

ဇွန်ပန်းပွင့်လေး အကြောင်း


ရွှန်းလဲ့ဝေဆင့်
ငါ့အတွက်မပွင့်ခဲ့သော
ဇွန်ပန်းဖြူလေးရေ
တစ်နိုင်တစ်ဝန်ထမ်းပိုးရမယ်ဆိုရင်
သွေ့အက်ရီဆွေး
အလွမ်းစီတေးတွေကိုငါပိုလို့ခုံမင်ရဲ့ .....

သင့်ရဲ့နံ့သာကိုဝှက်
ငါ့အတွက်မမွှေးပျံ့တတ်ခဲ့သော
သင့်အပါးခစား
လေပြေရဲ့သမီးတော်များရယ်
စကြဝဠာအဝေးကငါ့အား
ပြုစားခြင်းများရပ်ပါတော့လားကွယ် .....

နားလည်ပါရဲ့ ...
ဖြူစင်သင်းတဲ့
ဇွန်ပန်းကလေးတစ်ပွင့်အတွက်
ယဉ်ယဉ်ကျေးကျေး
ငါရင်နင့်ပေးပါ့မယ် .....

အခုတော့
ခုံးခုံးဝန်းဝန်း
လင်းညို့နေတဲ့ဆည်းဆာမှာ
ငါ့ဒိုင်ယာရီအပြာလေးက
မင်းအကြောင်း စာလုံးပေါင်း
ငါ့ကိုမေးနေပြီကွယ် .....။ ။

နေရိုင်း

ကျွန်တော့်ရင်ဘတ်ဖြင့်သီသော နွေတစ်ခုရဲ့ ဒိုင်ယာရီ


လပွေတစ်ချက်အရမ်းမှာ
ရွက်ဝါတွေဗြောင်းဆန်နေအောင်ကြွေ ...

ရေနည်းငါးတို့ရဲ့စမ်းမှာမှ
နွေဝတ်ရုံကိုလွှမ်းတဲ့သူမ
အနက်ရောင်ဖဲကြိုးတစ်စဖြင့်
ငါ့အားရစ်ပတ်
ငါ့ရင်ဘတ်ထဲ စေတန်နက္ခသွင်းခဲ့ပြီ ...

ငါ မှောင်သည် ...
ငါ လောင်သည် ...

အို ... ပေါက္ခရဝဿ ဝဿန်ရယ်
ဤသို့သောဆာဟာရအား
အဘယ်ကြောင့်ထိန်ချန်ထားရပါသလဲ ... ?

နွေအပူတွေရဲတောက်
ကိုင်းမွဲခြောက်မှာမှ
တွဲလောင်းခိုချင်တဲ့စိတ်
ယိုယွင်းပျက်သုဉ်း
တစ်နွေလုံး ဗုန်းဗုန်းလဲ ...

ဒီလိုနဲ့ပဲ
ကော့ညွတ်သွယ်လျ
နွေဆိုတဲ့အဘိဓမ္မာမှာ
ကျွန်တော့်လက်မှတ်ပြာတွေလည်း
ဟောင်းနွမ်းဆွေးမြေ့
အက်ရာတွေအပြည့်နဲ့
မွန်းလွဲအိုတွေကို စောင်ကြိုနေခဲ့မိတယ် ..... ။ ။

နေရိုင်း

ဆောင်းတစ်ခုရဲ့ တစ်ဝက်တစ်ပျက်မှတ်တမ်း


ရှင်းလင်းသိပ်သည်းတဲ့ညရဲ့
မြူမှုန်တွေကျကွဲသံကို
ငါ့ရင်ဘတ်နဲ့ ရေးရေးလေးကြားနေရတယ်...

ငါ့ရဲ့ခြေသံကိုတော့
မြူမှုန်တွေက ဥပေက္ခာပခြုပ်ထဲထည့်
မြောက်ပြန်လေသွဲ့နဲ့
ထည့်မြောလိုက်ကြတယ်...

အဲ့ဒီည
တိုးတိုးတိတ်တိတ်လေးပဲ
ရင်ငွေ့တွေဖြာကျ
ကောင်းကင်ကခါချလိုက်တဲ့
ကြယ်အစင်းစင်းရဲ့သတင်း
နှင်းပြက္ခဒိန်အထက်မှာ
ဘာအက္ခရာနဲ့မှ
အမှတ်တရထွင်းပေးမထားကြဘူး...

ဒီတစ်ရာသီမှာလည်း
ငါ့အိပ်မက်ထဲ
မသဲမကွဲနဲ့
နှင်းပွင့်တွေပြိုလဲပြန်ပြီပေါ့...

နှင်းမှုန်၊ နှင်းစက်တွေအက်ကွဲ
ငါရပ်စဲထားခဲ့တဲ့တေးတစ်ပုဒ်က
ဟေမာန်ဆောင်းရဲ့ခြေရင်း၌
ဝပ် တွား ဦး ခိုက်
ငါ့ကိုတိုက်ခိုက်ကြပြီ...

နှင်းအက္ခရာနဲ့စပ်တဲ့
ဆောင်းတစ်ခုရဲ့
တစ်ဝက်တစ်ပျက်ဒိုင်ယာရီ
အမှတ်တရတွေဆီပြန်လည်ဦးမော့သွားတယ်...

ဆွေးမြေ့လေလွင့်
ဆောင်းတစ်ခုအဆိပ်သင့်ခဲ့ပြီကွယ်...

တိုးတိတ်လွင့်ဝေ
အို ... ဆောင်းသခင်ရေ
အဆိပ်သင့်နှင်းစက်များအား
သင့်လက်ဖဝါးဖြင့်
နိမ့်ဝပ်ခဆင်း
စီးသွယ်ခြင်းမရှိသောအလွမ်းဖြင့်
ငါ နေရစ်ရပါလို၏.....။ ။

နေရိုင်း

တေလေအလွမ်း


နက္ခတ်တလွဲနဲ့
မိစ္ဆာတစ်ကောင်ရဲ့ အသက်ကို
မွေးဖွားဖြစ်ထွန်းစေသောလက်
ကမ္ဘာဦးကျမ်းရဲ့
မှော်ဝင်ပုရပိုဒ်မှာ
သူဟာ လူမိုက်ဖြစ်ခဲ့တယ်.....

ဒီလိုပဲပေါ့ကောင်မလေးရယ်
တေလေဆိုတဲ့ငါကလည်း
တိုးညှင်းသွယ်လျ
သံယောစဉ်တစ်စကို
အလင်္ကာတွေနဲ့ချယ်မှုန်း
ကိုယ့်ရင်ဘတ်မှာ
ကုန်းရုန်းချည်တုပ်ခဲ့မိပြီ.....

ဒီကောင် လူမိုက်မည်ပါသလား.....

သူမအတွက်ဆိုရင်
ဆောင်းတစ်ခုရဲ့ အနက်ကို
နှင်းစက်ကလေးတွေနဲ့
အက္ခရာစပ်ပြချင်တယ်.....

ဝတ်ရည်တစ်စက်
ပွင့်တစ်ဖတ်တည်းနဲ့လည်း
ရနံ့တွေ လဲ့ဖြာထွက်တဲ့
ဥယျာဉ်ကြီးတစ်ခုကို
ထုဆစ်ပြချင်မိတယ်.....

ပြီးတော့တိတ်တဆိတ်နဲ့
လမင်းကြီးကို အိပ်ငွေ့ချ
ကြယ်စင်ကလေးတွေကို ချွေချပေးချင်ခဲ့.....

ဒီလိုနဲ့...
ဝံ့စားရဲရင့်
ဟောင်းလောင်းပွင့်နေတဲ့
တေလေရဲ့မှတ်တမ်း
တစ်တောင်ဆင်း တစ်တောင်တက်
ငါ့ဝင်သက်၊ ထွက်သက်နဲ့ငါ
ပြာရီနီလဲ့
အလွမ်းတွေ ရင့်ခဲ့ပြီကွယ်.....။ ။

နေရိုင်း

အနက်ရောင်ခေါင်းတလားထဲက တေလေရဲ့အိပ်မက်


ငှက်ဆိုးတွေက
အတောင်တွေကို
တဖြန်းဖြန်းရိုက်
အမှောင်တွေကို
ဝင်ဝင်တိုက်တဲ့ည.....

မျှော်လင့်ချက်ဖြင့်ဆောက်တဲ့
စိတ်ကူးအသင်္ချေ
တေလေရဲ့ ရင်မြေမှာ
မြူခိုးဝေလဲ့
ပဲ့ပဲ့ကြွေသွားကြပြီ.....

ပင့်သက်တိုးတိတ်
ဲနှုတ်ဆိတ်နေတဲ့ညဟာ
ညမဆန်စွာဖြင့်
မဟူရာရောင်ဓားတစ်လက်နဲ့
အလင်းမှုန်တွေကို ခုတ်ခွဲ
အမှောင်တွေကိုချည်းဖြန့်ကြဲသွားတယ်.....

လေပြေချိုတွေက
ခရေပင်အိုကြီးအနားမှာ
ကြေကွဲတေးတွေ အကြိမ်ကြိမ်ဆိုရင်း
ကွဲကြေနေတဲ့ညအတွက်
တေလေရဲ့ အိပ်မက်ကို
အနက်ရောင်ခေါင်းတလားထဲထည့်ပြီး
စတေးပေးခဲ့ကြတယ်.....။ ။

နေရိုင်း

Tuesday, 3 April 2012

ထာဝရ အနှိုင်းမဲ့သော မဟာမြူမှုန်တစ်စက်

( ၁ )
လရောင်တွေ လင်းလင်းပပ
စံပယ်ဖြူတွေပွင့်အာကြတဲ့ညက
အမေ့ကို သတိရလိုက်တာ.....

အမေဟာ ကျွန်တော့်အတွက်
စကြဝဠာရဲ့အသက်
နေမင်းထက်တောင်လက်တဲ့
မဟာမြူမှုန်တစ်စက်ပါ.....

လရောင်ခြည်ပျိုးတဲ့ဆောင်းကြိုးခတ်သံအချို
အမေ့နံနက်ခင်းတွေကို ကြိုပါစေ.....။

(၂)
အမေ့ရဲ့ ဂန္တဝင်အတိတ်အိုမှာ
ကျွန်တော့်အတွက်နဲ့
နာရီလက်တံတွေ"ယိုယွင်းမဲ့"ခဲ့တယ်

မုတ်သုန်တွေခွါချ နှင်းစက်တို့လိမ်းကျံ
နေရောင်ဒဏ်နဲ့ နွေပင်လယ်အဆက်ဆက်ကိုလည်း
ရဲရဲဖြတ်ကျော်ခဲ့တဲ့ အမေ.....

အမေ

ကျွန်တော်ဆိုတဲ့တေလေမြက်ခင်းမှာ
ရဲရဲရင့်ရင့် အမေ့ခြေဖဝါးနှစ်စင်းကိုသာ နင်းခွင့်ပြုမည်.....။

( ၃ )

အမေ့ရဲ့ မေတ္တာတွေက
မြင့်မိုရ်မက စကြဝဋ္ဌာအဆဆထက်သာတဲ့
ဆောင်းကဗျာလွင်လွင်ကလေးတစ်ပုဒ်လို
အေးမြလတ်ဆတ် အနှိုင်းမဲ့ပါ အမေ.....

ငယ်စဉ်အတိတ်
ကျွန်တော်အိပ်တဲ့
အမေ့ရဲ့ ရင်ငွေ့နွေးနွေးလေးက
ဝေဇယန္တာထက်မြတ်တဲ့
ရွေဝါရောင်အိပ်မက်မက်ရာနယ်မြေဖြစ်ခဲ့တယ်.....


အခါခါမက်မိတဲ့
ကျွန်တော့်ရဲ့ ညဥ့်ဦးယံအိပ်မက်မှာ
အမေက
လရောင်တွေကိုခူး
ကျွန်တော်သွားမယ့်လမ်းမှာ ကြဲပက်
အမြဲတမ်းလင်းလက်စေတယ်.....။

( ၄ )
အခုတော့.....

စံပယ်ဖြူတွေ ဖူးခဲ့တဲ့
အမေ့ရဲ့ ဆံနွယ်ဦးမှာ
မီးခိုးရောင်ဖျော့ဖျော့
ငွေရောင် လျော့လျော့လေးတွေတောင်
ဟိုသည်တစ်စ
နေရာယူနေကြပြီ.....


အမေရယ်.....
ဇရာလွန်ကမ်းခြေတစ်ဝိုက်မှာ
နုပျိုခြင်းတွေ တဖြိုက်ဖြိုက်ကြွေ
အမေအိုနေပြီပေါ့လေ.....

အမေပြောဖူးတဲ့
သွေ့အက် ဆွေးသက်
ပြက္ခဒိန်တစ်ခုထက်က
အကြိမ်ကြိမ်အနှုတ်ခံလိုက်ရတဲ့
သုညလေးတစ်လုံးအကြောင်း
ကျွန်တော့်ဒိုင်ယာရီထဲမှာ
သူရဲကောင်းအဖြစ်နဲ့
စာလုံးပေါင်းထားတယ်.....။

( ၅ )
အမေ...
အတောင်စုံပြီ ထင်လို့
လေအဟုန်ကိုခွင်းပြီး
လမ်းတစ်ခုကို ကျွန်တော်လျှောက်ခဲ့တယ် အမေ.....

ကျွန်တော်နင်းခဲ့တဲ့လမ်းတစ်လျှောက်လုံး
အထီးကျန်ခြင်းတို့ အပြိုင်းပြိုင်းထ
ကျွန်တော့်ကိုယ်မှာလည်း
ဒါဏ်ရာတွေ ဗရပွနဲ့ပေါ့.....

လောကဓံဦးကတည်းက
အမှောင်တွေညွှတ်ကွေး
အလင်းရောင်ဆိုတာတော့
အခုထက်ထိ
ကျွန်တော်နဲ့ဝေးလွန်းသေးတယ် အမေ.....။

( ၅ )
မိုးခါးလေကြမ်း
ဝဿန်လမ်းမှာလည်း
အမေ့ကို ကျွန်တော်လွမ်းတယ်
နှင်းမှုန်၊ နှင်းစက်
ဘယ်လိုမှ ပုံဖော်စပ်မရတဲ့ဆောင်း
ကိုယ့်အိပ်မက်ကိုယ်ကျောင်းရင်း
လွမ်းရင့် နီကျင့်
ရွက်ဝါတွေလည်း လွင့်ခဲ့ပြီ

အမှောင်အတိပြီးတဲ့
ကံကြမ္မာညည်းသံရဲ့အောက်
သစ္စာခြံရံပြီးလျှောက်ရတာ
တစ်ခါတစ်ခါတော့ မောတယ်အမေ

အမေသိမ်းထုပ်ပေးတဲ့
ဖြူစင်မှုလက်တစ်ဆုပ်စာလေးတော့
ဝံ့ဝံ့စားစား
ကျွန်တော့်ရင်ခွင်ကြားမှာ
ထာဝရသိမ်းထားသေးတယ်အမေ.....

( ၆ )
အနာဂတ်ဆိုတာ
ရေစီးထဲက ဗေဒါ
ဘယ်လိုမှမရေရာတဲ့
ဝဿန်ဦးရဲ့
မှိုင်းညို့ရောင် တိမ်တစ်အုပ်ပါ.....

ဒါပေမယ့်
စွန့်စွန့်စားစား
မျှော်လင့်လက်ကမ်းသူတွေကြားမှာ
လူငယ်တစ်ယောက်ရဲ့ အတွေးနဲ့
ကျွန်တော်လည်း ပါဝင်ငေးခဲ့ဖူးတယ်အမေ.....


“အမေ”ဆိုတဲ့ ဒီစာသား
အက္ခရာ အထပ်ထပ်နဲ့တောင်
စာကမ္ဗည်းစပ်လို့ မရနိုင်ဘူးထင်ရဲ့
ကျွန်တော့်လက်ဖျားမှာ
အက္ခရာတွေ မီးပွင့်ထွက်တော့မယ် အမေ.....


“ပုစ္ဆာမဆန်
ပဟေဠိမရှိ
အမေဆိုတာ
ထာဝရ အနှိုင်းမဲ့ ရိုးသားကျယ်ပြန့်တယ် ”.....

( ၇ )
ညဥ့်ယံမှာ တာယာတွေထွန်းလင်း
လမင်းကလည်း အပြုံးတွေခင်းကျင်းခဲ့ပြီ.....


အမေ
အရှေ့ယွန်းယွန်းမှာ
ရောင်နီပျိုတွေ သွန်းလဲ့ပျံဆင်း
ရှင်းပခြင်းအလင်းနဲ့
ပန်းရနံ့တွေ သင်းနေပြီအမေ....


အို....ပုခက်လွှဲသောလက်ရှင်
ကျွန်တော့်အား မွေးဖွားခဲ့သော
အနန္တ ဂုဏ်အင်တွေနဲ့မေမေ
ကော့ညွှတ်သွယ်ပြောင်းသော
အလင်းပြာမှတ်ကျောက်
သစ္စာဖြူတစ်ပေါက်နဲ့
ဆွတ်ဆွတ်ပျံ့ပျံ့
ကောင်းကင်ယံ၌ ရွှင်စေသား..........။     ။

နေရိုင်း




Monday, 2 April 2012

ဗန်ဂိုးရဲ့ ကဖေးဆိုင်ထဲက အလွမ်းည


“ဗန်ဂိုးရဲ့ကဖေးဆိုင်ထဲက အလွမ်းည”

ဘယ်ကဝေတွေကများ
အလွမ်းတွေကို
ထုဆစ်သွားကြသလဲကွယ်.....

နတ်ဆိုးတို့ရဲ့
အမှောင်ဂူမှာမှ
အလင်းဖြူကို တူးချင်တဲ့သူ
ခရေရနံ့တွေဆူးတဲ့လက်နဲ့
ကိုယ့်ရင်ဘတ် ကိုယ်ပြန်ဝှက်တယ်.....

ဗန်ဂိုးရဲ့
ညကဖေးထဲမှာ
အမှောင်နက်တွေကို ခင်းကျင်း
အလွမ်းတွေကို
ခပ်မျှင်းမျှင်းလေးသောက်
ကောင်းကင်မှာ
ကြယ်ရောင်တွေ
တချက်တချက်ပျောက်တယ်.....

ငါနဲ့လွတ်ကင်းရာမှာ
သင်းနှင့်ကြဦးပေါ့
လေပြေညှင်းတို့ရယ်.....

စုတ်တစ်ချက်ဆွဲရုံနဲ့
ပန်းချီတစ်ချပ်မဖြစ်သလို
မင်(မှင်)နီတစ်ချက်တားရုံနဲ့လည်း
အလွမ်းတွေကို
ပန်းများမဖြစ်စေပါဘူးကွယ်.....

ကိုယ့်ကိုကိုယ်
ဘယ်လိုမှစာလုံးပေါင်းမရတဲ့ည
ဗန်ဂိုးရဲ့ အဲ့ဒီညကဖေးလေးထဲမှာ
လဲလဲကျသွားတယ်.....

ငါလွမ်းတယ်.....
လွမ်းတာထက်ကို ပိုလွမ်းသလိုပဲကွယ်.....

သိပ်သိပ်သည်းသည်း
တစ်ကိုယ်တော်ညည်းတဲ့ည
ဗန်ဂိုးရဲ့ကော်ဖီခွက်က
ပိုခါးသွားတယ်.....

နောက်ဆုံးတော့လည်း
အတွေးတွေကို ချည်တုပ်
အလွမ်းတွေကို ထိုးသိပ်လို့
ငါ့ရင်ဘတ်ငါ
အကြမ်းကြုတ်ဆုံး ဆွဲပိတ်လိုက်ရတယ်.....။ ။

နေရိုင်း

Photo credit to Vincent Van Gogh (Night Cafe)

ကျွန်တော်ချစ်သော လခြမ်းလေး


“ကျွန်တော်ချစ်သော လခြမ်းလေး”

ငါငေးငေးမိနေတဲ့

ကောင်းကင်က

လခြမ်းကွေးကွေးလေးရယ်

ငါ့ရင်ဘတ်ထဲနွေးထွေးသွားအောင်

လင်းလက်တဲ့ အပြုံးလေးနဲ့

တစ်ချက်လောက်ငုံ့ကြည့်ပေးပါလားကွယ်.....။ ။

နေရိုင်း

စေတန်ရဲ့ ကျရှုံးခန်း


“စေတန်ရဲ့ ကျရှုံးခန်း”

( ၁ )
ရက်စက်သွယ်ပြောင်းသော
ကြမ္မာဆိုးတွေက
အဘယ်တွက်ကြောင့်များ
ကျွန်တော့်မိုးသောက်ဦးကို
တိတ်တဆိတ် ခိုးယူကြရသလဲ.....

အစမှအဆုံး
ကျွန်တော့် ဒိုင်ယာရီတစ်ပုဒ်လုံး
မိုးစုံးစုံးချုပ်သွားတယ်.....

( ၂ )
အဲ့ဒီကစလို့
လောကဓံမှာ
ကြယ်တွေမပျံ
လမင်းလည်းမပွင့်နဲ့
ခါးခါးရင့်ရင့်
ကန္တာရအဆိပ်သင့်တယ်.....

မြုခိုးဝေဝေ အလွမ်းတွေက
ဘောင်အကျအနကန့်သတ်
ကျွန်တော့်ကို
အမှတ်တရတွေနဲ့
လှမ်းလှမ်းပတ်လေရဲ့.....

( ၃ )
ပြာဝေမှိုင်းအုံ့
ကျွန်တော့်ရဲ့ တေလေတောအုပ်မှာ
အလွမ်းတွေအဆုပ်လိုက်ပွင့်ကြပြီ.....

သတိတရနဲ့ကို
လွမ်းမိသလိုပဲကွယ်.....

( ၄ )
သူမသည် ကျွန်တော့်ရဲ့ ဗီးနပ်စ်
ကျွန်တော်သည် သူမအတွက် စေတန်
ဘယ်လိုမှမမှန်တဲ့
စောင်းကြိုးခတ်သံတွေပေါ့.....

ဒဏ္ဍာရီထဲက ဗီးနပ်စ်ပျိုရယ်
မိစ္တာတို့ရဲ့ ညှို့ချက်ကို
သင့်ရဲ့လက်နဲ့
တစ်ချက်လောက်ဖြေလျော့လို့ပေးပါ.....

( ၅ )
အခုတော့
ကျွန်တော်မဖတ်ဖူးလိုက်တဲ့
မိုးသောက်ဦးရဲ့ကဗျာ
ဗီးနပ်စ်ရဲ့လက်ဖျားမှာမှ ကြွေကျသွားခဲ့ပြီ.....

ရင်နဲ့သီတဲ့ အလင်္ကာကိုမှ
နတ်သူရူးတွေဖမ်းစား
တခမ်းတနား
ကျွန်တော်ကျရှုံးခဲ့လေပြီကွယ်.....။ ။

နေရိုင်း

လောကဓံဆိုတာ

“လောကဓံဆိုတာ”

လောကဓံဆိုတာ
ပန်းပန်ထားတဲ့
မြားဒဏ်ရာနဲ့ကောင်

မှောင်တစ်ခါ
လင်းတစ်လှည့်နဲ့
ပဉ္စလက်တော့ဆန်လေရဲ့.....။ ။

နေရိုင်း