ကြယ်တွေ အုပ်အုပ်သည်းသည်းကြွေတဲ့ညကပေါ့
တိုးညှင်းလွန်းတဲ့ လမ်းကလေးမှာ
ငါ .. တစ်ကိုယ်တည်းစီးဆင်းခဲ့တယ် ...
ညဥ့်ငှက်တို့ရဲ့ အတောင်ပံမှာ
ကြယ်ကြွေသံတွေ ရစ်ပတ်ထစ်ချုန်း
( ကောင်မလေးရယ် )
မိုးအဆုံး၊ မြေအဆုံးဝေးလိုက်ကြစို့ကွယ် ...
ကန္တာရရဲ့ အိပ်မက်က
မိုးရေစက်ကို တပ်မက်သလို
မဟူရာညရဲ့ နှုတ်ခမ်းကလည်း
လရောင်ကို နမ်းချင်မိလိမ့်မယ် ...
တကယ်တော့
ကံကြမ္မာဆိုတာ
ပန်းပန်ထားတဲ့ မြားဒဏ်ရာနဲ့ကောင်ပါပဲ ...
ဒီလိုနဲ့ ဝေးလွင့်
ညဟာ ပိုရင့်ခဲ့ပြီ ...
မြတ်နိုးမှုနဲ့ အုပ်မိုး
ကံနတ်ဘုရားကို စီးချင်းထိုးခဲ့ပေမယ့်
( ကောင်မလေးရေ )
ညနက်နက်ရဲ့ အိပ်မက်ဆိုတာ
တစ်ဝက်တစ်ပျက်မှတ်တမ်းပါပဲကွယ် ..... ။
နေရိုင်း
Sunday, 12 August 2012
Saturday, 11 August 2012
လူ
လူဆိုတာ ...
နေဝင်နေထွက်မှာ
အသက်တစ်ရက်ကြီးသွားတာထက်
ဝမ်းစာရှာဖို့အတွက်ကို
ပိုသတိရတတ်သလို
ခိုကိုးချင်လျှင်လည်း
မြေပြင်ကိုတောင်
ရှိခိုးတတ်တဲ့ အမျိုး ..... ။
နေရိုင်း
နေဝင်နေထွက်မှာ
အသက်တစ်ရက်ကြီးသွားတာထက်
ဝမ်းစာရှာဖို့အတွက်ကို
ပိုသတိရတတ်သလို
ခိုကိုးချင်လျှင်လည်း
မြေပြင်ကိုတောင်
ရှိခိုးတတ်တဲ့ အမျိုး ..... ။
နေရိုင်း
ခေါင်းစဉ်တပ်မထားတဲ့လူ
ငါဆိုတာ ...
နိမ့်ပါးပါးမြေပြင်ပေါ်မှာ
အတုန်းအရုန်း
လဲကျကြွေလွင့်နေခဲ့တဲ့
သာမည ခရေပွင့်လေးပါပဲ
အလွမ်းဆိုတဲ့ ခြေဖမိုးကိုမှ
တရှိုက်နစ်နစ်ရိုကျိုးနေမိတဲ့ကောင်
ဘဝက နည်းနည်းတော့မှောင်ရဲ့ ...
အသူရာတွေ နိမိတ်ဖတ်ခဲ့တဲ့
တေလေရဲ့အိပ်မက်ဆိုတာ
မီးနက္ခတ်တွေလွှမ်းတဲ့
မရဏကျမ်းတစ်စောင်လိုပဲ
ပူပြင်းတောက်လောင်လွန်းပါတယ် ...
ငါ့ရဲ့ အထုပ္ပတ္တိတစ်စကို
ဆွဲလှန်ချကြည့်
ကြယ်ပွင့်တွေမဖြာ
ရက်ရာဇာမရှိခဲ့တဲ့
ဗလာနယ် ခပ်ပြပြလေးသာရှိလိမ့်မယ် ...
သံခြေကျင်းတွေနဲ့ခတ်ချုပ်
ဆန္ဒတွေကို ငြိမ်းမှုတ်လိုက်ပါ့မယ်
ချစ်သော ထိပ်ထားရယ် ...
ချစ်သူကို မြတ်နိုးခြင်းဟာ
အဆိပ်လူးမြားအစင်းစင်းရဲ့
အုပ်မိုးခြင်းကိုခံထားရတဲ့
သားကောင်ပါပဲကွယ် ...
ကမ္ဘာက နေကိုကွေ့ရှောင်သလိုမျိုး
ငါကပဲ ပူလောင်လွန်းခဲ့သလား
ဝိုးဝါးမှောင်ရီ
ချစ်သူအတွက်သီသော ကဗျာတစ်ပုဒ်က
ဘီလူးတစ်ကောင်ရဲ့ အစွယ်ကြမ်းလို
ထိုးလှန်ဖောက်ခွဲ
( ငါ့အိပ်မက်တို့ )
လွင့်ပါးပြိုကွဲခဲ့ပြီကွယ် ...
မုဆိုးရှေ့မှာ ဒူးထောက်ကျတိုင်း
အရာရာကိုခြုံအုပ်
သားကောင်တိုင်းဟာ
ညံ့လို့တော့မဟုတ်ပါဘူး
လောကဓံနက်ရှိုင်းရှိုင်းမှာ
မာယာအစွယ်ရိုင်းတွေအကြောင်း
တစ်စွန်းတစ်စတော့
သင် စာလုံးပေါင်းမိမှာပါ ...
အို .. အလင်းတို့ရယ်
ကြွေအံ့မူးမူးဆည်းဆာကို
ဥပေက္ခာမပြုလိုက်ကြပါနဲ့ဦး ...
ဟောဟိုမှာ
အတောင်ပံတွေနဲ့ ကြိုးစားကူးခတ်
ရင်ခွင်ဟောက်ပက်နဲ့
အိပ်တန်းပြန်နောက်ကျတတ်တဲ့
သင်းကွဲငှက်ကလေးရှိသေးတယ် ...
သဲမှုန်ကန္တာရမှာ
ရနံ့ကုန်သွားတဲ့ဆောင်းက
ကုလားအုတ်တစ်ကောင်ရဲ့ အသံကို
မြောက်ပြန်လေလို ပန်တတ်ခဲ့ပြီတဲ့ ...
ကြောက်လန့်စွဲမက်ဖွယ်ရာအိပ်မက်တို့နဲ့
ရက်ရှည်ခရီးထွက်ခဲ့တဲ့ငါ
ဖြစ်နိုင်မယ်ဆိုရင် ...
ဖီးနစ်ငှက်လို လောင်တောက်
ငါ့ဝိညာဉ် ငါကောက်ပြီး
ဖွဖွညှင်းညှင်း
ဘဝတစ်ခု အသက်ပြန်သွင်းချင်တယ် ..... ။
နေရိုင်း
အလွမ်းမှတ်တိုင်
ကြယ်ရောင်တိတ်တဆိတ်မှာ
ဆောင်းရိပ်ကိုခိုစီး
လမင်းနဲ့ နီးချင်ခဲ့သူ
အေးစက်ပြာညို
(တစ်ကိုယ်လုံး)
နှင်းစက်ကလေးတွေ စိုလို့ပေါ့ ...
စဉ်းလဲမှုနည်းတဲ့ဆောင်းဆိုတာ
ငါ့အတွက်တော့
အိပ်ယာဝင် ပုံပြင်တစ်ကြောင်းမျှသာဖြစ်ရဲ့ ...
ချစ်သူကိုနမ်းခွင့်မပါတဲ့
ဘီလူးကြမ်းတစ်ကောင်ရဲ့ အခန်းမှာ
သွေ့သွေ့ကလေးကျွမ်းပျက်
တိတ်တခိုးဆိုတဲ့ ပညတ်ချက်ကိုပဲ
ငါ .. မြတ်နိုးမိပါရဲ့ကောင်မလေးရယ် ...
လှိုင်းထန်ဝေဝါး
နက္ခတ်အသေတွေကြားမှာမှ
သတ္တမမြောက်မွေးဖွားခဲ့တဲ့တေလေ
ကောင်မလေးရေ ..
ရက်ရှည်အလွမ်းဆိုတာ
တစ်ခန်းရပ်တတ်ပါသလားကွယ် ..... ။ ။
နေရိုင်း
တိမ်ကွဲနေ့
လရောင်ကိုပွေ့ဖက်ရင်းနဲ့
ကြိုးပြတ်သွားတဲ့ စံပယ်ရွက်က
သင်းကွဲငှက်တစ်ကောင်ရဲ့အိပ်မက်နဲ့
အတောင်ပံတွေကို ခြိမ့်ခြိမ့်သဲသဲ ခတ်ခဲ့တယ် ...
နှင်းစက်တွေ အိပ်တန်းတက်တဲ့အရပ်မှာ
ကောင်းကင်အငွေ့အသက်တွေနဲ့မူးလဲ
တိမ်ကွဲလေပြေ
ဆန္ဒတို့ရဲ့ မိုးရေစက်
ဖိနပ်အပြတ်ဆိုတာ
တစ်ချိန်က သုံးရာသီရဲ့ ဗီးနပ်စ်ဖြစ်ခဲ့တယ် ...
တကယ်တော့ ...
ဧဒင်ရဲ့ သစ်သီးတစ်လုံးဟာလည်း
ကမ္ဘာဦးရဲ့ နျူကလီးယားဗုံးပါပဲကွယ် ...
ပြဒါးတစ်လမ်း၊ သံတစ်လမ်းတဲ့
အဲ့ဒါကြောင့်ပဲထင်ရဲ့
စံပယ်ကြမ်းတွေ ဖားလျားကျတဲ့မနက်က
တိမ်ကွဲတွေနဲ့ ညွှတ်အိတွဲခဲ့တယ် ..... ။ ။
နေရိုင်း
ဖြစ်စဉ်
ကွဲအက်အက်လေပွေရူးတို့
ကူးလူးခတ်နေတဲ့ နွေတစ်ည
ဥသြပျိုတို့ ရင်ကွဲမတတ်အော်ဆိုကြတယ် ...
မ,မက်ချင်ဆုံးသော အိပ်မက်
ကွေ့ကောက်သွေ့ခြောက်နေတဲ့
အကိုင်းတွေထက်မှာ
မီးပွင့်တွေရာဖြာဝင့်တောက်
အိပ်မက်တွေနဲ့ ခွေခေါက်ခဲ့တဲ့
လူငယ်တစ်ယောက်ရဲ့ ကွယ်ဝှက်သက်ပြင်း
အရာရာဟာ ချင်းချင်းနီဆွေးလို့ပေါ့ ...
တိမ်ညိုတို့ရဲ့နိမိတ်ဟာ
မတီးခတ်ဖြစ်ခဲ့တဲ့
ဂစ်တာတစ်လက်ရဲ့ ကြိုးပုံရိပ်တွေလို
လျော့လျော့တိုးတိုးကလေးစဲ
မိုးရာသီနဲ့ လွဲခဲ့တယ် ...
လွန်ပါစေတော့ ...
မီးစလျှံလို လွင့်ဝဲသွဲ့ပြောင်း
အလွမ်းဆက်ကြောင်းပေါ်က
အုံ့ဝေမှုန်ဝါးနေတဲ့
ကြယ်ကြွေညရဲ့ ဆုတောင်းစကား
ဘုရားသခင် ကြားသိပါစ ...
ရေခိုးငွေ့တွေကို ဖမ်းယူထုဆစ်
မုတ်သုန်တစ်ခုသာ ဖြစ်ခွင့်ရှိရင်
စိတ်အစဉ်ကို ညွှတ်ကိုင်း
မိုးရေစက်ရိုင်းတွေကြားမှာလည်း
ထီးကိုင်းလွှတ်ချရဲပါတယ် ...
သုံးရာသီမှတ်တမ်းထဲက
ဝဿန်ရဲ့ဆေးချက်တို့က
မှုန်ဝေပျယ်လွင့်
တခမ်းတနားရော်ရင့်ခဲ့တဲ့
မှော်ဆရာရဲ့ ပန်းချီကားတစ်ချပ်ပါပဲကွယ် ...
မင့်ကူမျှင်တွေလိုရှုပ်ထွေးနေတဲ့
ဂယက်ဆန်တဲ့ အိပ်မက်
ဝဲဖက်က မြတ်နိုးခြင်း
ယာလက်မှာ သစ္စာတရားလိုလင်းတယ် ...
ဆောင်းရာသီကို
တံဆိပ်လိုရိုက်နှိပ်
ကျွန်တော့်ကောင်းကင်မှာ
ခဏလောက်ချိတ်ပေးပါ ...
အေးစက်နေမယ့် ဆောင်းရိပ်
မျက်ရည်ဖြူတွေကို ချွေးသိပ်ပေးမယ်ထင်ရဲ့ ...
ပုံပြင်တစ်ပုဒ်ဆုံးတာတောင်
မျက်လုံးမ,မှိတ်သေးတဲ့ကောင်
ညတာတွေအိုမင်း
နံနက်ခင်းဟာ ဝေးသေးတယ်ကွယ် ...
ဘယ်မှတ်တမ်းမှာမှ မပါခဲ့တဲ့
မထည်ဝါလှတဲ့ အလွမ်း
ကဗျာကိုင်းလေးကိုတွယ်ဖက်
အအေးမြဆုံး လတ်ဆတ်ဖူးပွင့်ချင်ရဲ့ ..... ။ ။
နေရိုင်း
Subscribe to:
Posts (Atom)